Thursday, October 6, 2016

မြန်မာနိုင်ငံ၌ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားနေသော်လည်း စီးပွားရေး တိုးတက်မှုနှုန်း ဆက်လက်အားကောင်းနေကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြ

မြန်မာနိုင်ငံတွင် ၂၀၁၆-၂၀၁၇ အတွင်း ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားနေသော်လည်း စီးပွားရေး တိုးတက်မှုနှုန်း ဆက်လက် အားကောင်းနေကြောင်း ၂၀၁၆ ခုနှစ် အောက်တိုဘာလ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ နောက်ဆုံးရ စီးပွားရေး အခြေအနေများ အစီရင်ခံစာ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အစီရင်ခံစာ ထုတ်ပြန်ပွဲအား အောက်တိုဘာ ၅ ရက်တွင် ရန်ကုန်မြို့ရှိ ကမ္ဘာ့ဘဏ်ရုံးတွင် ပြုလုပ်ခဲ့သည်။
အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားသည်ဟု ဆိုနိုင်သော်လည်း (၂၀၁၆ ဇူလိုင်လတွင် ၁၀ ရာခိုင်နှုန်း) စီးပွားရေး တိုးတက်မှုနှုန်းသည် ဆက်လက် အားကောင်းနေကြောင်း၊ ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းတွင် ထိန်းထားနိုင်ပြီး ၂၀၁၆-၂၀၁၇ ခုနှစ်အတွက် မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်း ၇ ဒသမ ၈ ရာခိုင်နှုန်းအထိ မြင့်မားနေမည်ဟု ခန့်မှန်းထားကြောင်း၊ ကာလတိုအတွင်း မြန်မာနိုင်ငံသည် မက်ခရို စီးပွားရေး ခိုင်မာမှုနှင့် ပတ်သက်ပြီး စိန်ခေါ်မှု အသစ်များနှင့် ရင်ဆိုင်ရဖွယ်ရှိပြီး၊ ထိုဖိအားများကို ကောင်းစွာစီမံ ခန့်ခွဲနိုင်ရန် ဘဏ္ဍာရေးပိုင်းဆိုင်ရာ ကိစ္စရပ်များကို သတိရှိရှိဖြင့် ဆောင်ရွက်ခြင်း၊ ငွေကြေးလုပ်ငန်း ဆောင်ရွက်မှုများ ခေတ်မီကောင်းမွန်စေရန် ဆောင်ရွက်ခြင်း၊ ငွေလဲလှယ်နှုန်း ပြောင်းလွယ် ပြင်လွယ်ရှိခြင်းနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ကြီးကြပ်ဆောင်ရွက်မှု အားကောင်းစေရန် စွမ်းဆောင်ရည် မြှင့်တင်ဆောင်ရွက်ခြင်းတို့ကို အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံ အပါအ၀င် ဖွံ့ဖြိုးဆဲ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် လာမည့် သုံးနှစ်အတွင်း ကြံ့ကြံ့ခံနိုင်မည့် အခြေအနေမျိုးတွင် ဆက်လက် တည်ရှိနေမည်ဟု ခန့်မှန်းကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အရှေ့အာရှနှင့် ပစိဖိတ်ဒေသ နောက်ဆုံးရ စီးပွားရေး အခြေအနေများ အစီရင်ခံစာသစ်တွင် တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် ယခုနှစ်တွင် ၆ ဒသမ ၇ ရာခိုင်နှုန်း ရှိနေရာမှ ၂၀၁၇ ခုနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂၀၁၈ ခုနှစ်တွင် ၆ ဒသမ ၃ ရာခိုင်နှုန်းသို့ ရောက်ရှိသွားမည်ဟု ခန့်မှန်းထားပြီး ထိုအချက်သည် တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် တဖြည်းဖြည်းချင်း ပြောင်းလဲနေရာမှ တိုးတက်နှုန်း ပိုမိုနှေးကွေးသွားသော်လည်း ယင်းမှာ ပိုမို၍ရေရှည် တည်တံ့မည့် တိုးတက်မှုနှုန်းဆီသို့ ဦးတည်နေကြောင်း၊ ဒေသအတွင်းရှိ အခြားနိုင်ငံများတွင် စီးပွားရေး တိုးတက်မှုနှုန်းသည် ယခုနှစ်အတွင်း ၄ ဒသမ ၈ ရာခိုင်နှုန်းတွင် ဆက်လက် တည်ငြိမ်နေမည်ဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် ငါးရာခိုင်နှုန်းနှင့် ၂၀၁၈ ခုနှစ်တွင် ၅ ဒသမ ၁ ရာခိုင်နှုန်းသို့ အသီးသီး မြင့်တက်လာမည့်ဘက်သို့ ဦးတည်နေကြောင်း၊ ဒေသတစ်ခုလုံး အနေဖြင့်ကြည့်လျှင် စီးပွားရေး တိုးတက်မှုနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ၅ ဒသမ ၈ ရာခိုင်နှုန်းနှင့် ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ၅ ဒသမ ၇ ရာခိုင်နှုန်းတို့ဖြင့် အသီးသီး မြင့်တက်နေမည်ဟု အရှေ့အာရှနှင့် ပစိဖိတ်ဒေသ နောက်ဆုံးရ စီးပွားရေး အခြေအနေများ အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ဖွံ့ဖြိုးဆဲ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသအတွက် အလားအလာက အားကောင်းနေပါတယ်။ ဒါဟာ ပြည်ပ၀ယ်လိုအားနဲ့ ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်း အားနည်းနေပေမယ့် ပြည်တွင်း သုံးစွဲမှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အားကောင်းတာကြောင့် ဖြစ်ပါတယ်။ တိုးတက်မှုကို ဆက်လက် ထိန်းထားဖို့နဲ့ အဲဒီတိုးတက်မှုကို ဆင်းရဲချမ်းသာမရွေး လူတိုင်းအားလုံး အကျိုးခံစားရဖို့က ရေရှည်အတွက် စိန်ခေါ်မှု တစ်ခုဖြစ်ပါတယ်။ ဒီစိန်ခေါ်မှုထဲမှာ အထူးသဖြင့် တရုတ်နိုင်ငံ ၀င်ငွေကွာဟမှုတွေနဲ့ ပြည်သူ့ဝန်ဆောင်မှု ရရှိတဲ့နေရာမှာ ကွာဟမှုတွေ ရှိနေတာတွေကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ဖို့၊ တခြားနိုင်ငံတွေမှာ အခြေခံ အဆောက်အအုံ တိုးတက်လာအောင် ဆောင်ရွက်ဖို့၊ ဆက်လက်ဖြစ်ပေါ်နေတဲ့ ကလေးအဟာရချို့တဲ့မှုကို ကိုင်တွယ်ဖြေရှင်းဖို့၊ အလုံးစုံ ပါဝင်နိုင်တဲ့ ငွေရေးကြေးရေး စနစ်ဖြစ်ပေါ်လာဖို့ နည်းပညာရဲ့ အကူအညီကို ယူဖို့စတာတွေ ပါဝင်ကြပါတယ်” ဟု အရှေ့အာရှနှင့် ပစိဖိတ်ဆိုင်ရာ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဗစ်တိုးရီးယားကွာကွာက ပြောကြားသည်။

ယခုအစီရင်ခံစာသည် ဖွံ့ဖြိုးပြီးနိုင်ငံကြီးများ၏ စီးပွားရေး တိုးတက်နှုန်း တုံ့ဆိုင်းနေခြင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံ အများအပြား၏ စီးပွားရေး တိုးတက်မှုနှုန်း ငြိမ်သက်နေခြင်းနှင့် ကမ္ဘာ့ကုန်သွယ်မှု တိုးတက်မှုမရှိခြင်း စသည့် စိန်ခေါ်မှုများ ရှိနေသည့် ကမ္ဘာ့စီးပွားရေး နောက်ခံအနေအထားတွင် အရှေ့အာရှနှင့် ပစိဖိတ်ဒေသ၏ စီးပွားရေး အလားအလာကို ဘက်စုံထောင့်စုံမှ လွှမ်းခြုံ လေ့လာထားခြင်းဖြစ်ပြီး ဒေသ၏ နိုင်ငံအများစုတွင် ပြည်တွင်း ၀ယ်လိုအား ဆက်လက် ခိုင်မာအားကောင်းနေမည်ဟု အစီရင်ခံစာက မျှော်မှန်းထားကြောင်း၊ ဒေသ၏ နိုင်ငံအများစုတွင် ကုန်စည်ဈေးနှုန်းများ၊ အကျဘက်တွင် ဆက်လက် ရှိနေခြင်းကြောင့် ကုန်စည်တင်သွင်းသူများ အကျိုးဖြစ်ထွန်းကာ ငွေဖောင်းပွမှုလည်း ဆက်လက် နည်းပါးနေမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ 
Credit To >>> Eleven Media Group

0 comments:

Post a Comment