Thursday, October 6, 2016

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၂၈၀ ကျပ်ဝန်းကျင် ရှိနေပြီး ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၃၀ ကျော် လျော့ကျသွားခြင်းကြောင့် ပြည်တွင်းရွှေဈေး ကျပ် ၈၇၀၈၀၀ အထိ ကျဆင်းလာ

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၂၈၀ ကျပ်ဝန်းကျင်တွင် ဆက်လက်ရှိနေပြီး ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၃၀ ကျော် လျော့ကျသွားခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၈၇၀၈၀၀ အထိ ကျဆင်းလာကြောင်း ရောင်းဝယ်နေသူများထံမှ သိရသည်။
စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၄ ရက် နံနက်ပိုင်းအထိ စံချိန်တင်ဈေးနှုန်းများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းသည် အောက်တိုဘာ ၄ ရက် ညနေပိုင်းတွင် ၁၂၇၇ ကျပ်ဖြင့် ဈေးပိတ်ခဲ့သည်။ အောက်တိုဘာ ၅ ရက် နံနက် ၉ နာရီတွင် ၁၂၇၇ ကျပ်ဖြင့် ဈေးဖွင့်ခဲ့သော်လည်း ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာတန်ဖိုး မြင့်တက်ခဲ့သောကြောင့် ၁၂၈၂ ကျပ်အထိ မြင့်တက်ခဲ့ပြီးနောက် ၁၂၈၀ ကျပ်သို့ ပြန်ကျခဲ့သည်။

တစ်ပတ်အတွင်း ရက်အလိုက် အမြင့်ဆုံး ဈေးနှုန်းဖြစ်ပေါ်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းများမှာ စက်တင်ဘာ ၂၉ ရက်တွင် ၁၂၆၁ ကျပ်၊ စက်တင်ဘာ ၃၀ ရက်တွင် ၁၂၇၀ ကျပ်၊ အောက်တိုဘာ ၁ ရက်တွင် ၁၂၇၃ ကျပ်၊ အောက်တိုဘာ ၂ ရက်တွင် ၁၂၇၄ ကျပ်၊ အောက်တိုဘာ ၃ ရက်တွင် ၁၂၈၂ ကျပ်၊ အောက်တိုဘာ ၄ ရက်တွင် ၁၂၈၈ ကျပ်၊ အောက်တိုဘာ ၅ ရက် တွင်ဖြစ်ပေါ်သော အမြင့်ဆုံးနှုန်းမှာ  ၁၂၈၂ ကျပ် ဖြစ်ပြီး အနိမ့်ဆုံးနှုန်းမှာ ၁၂၇၇ ကျပ် ဖြစ်သည်။

နိုင်ငံခြားငွေလဲနှုန်း ကျရိပ်ပြလာခြင်းကြောင့် အောက်တိုဘာ ၅ ရက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းကို မပြောင်းလဲဘဲ အောက်တိုဘာ ၄ ရက် ဈေးနှုန်းဖြစ်သော ၁၂၆၀ ကျပ်ဖြင့်သာ ဆက်လက် သတ်မှတ်ထားကြောင်း သိရသည်။ ဗဟိုဘဏ်သည် စက်တင်ဘာ ၂၇ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ၎င်း၏ ရည်ညွှန်း အမေရိကန် ဒေါ်လာငွေလဲနှုန်းကို တစ်ရက်လျှင် ငါးကျပ်မြှင့်တင်ခဲ့ပြီး အောက်တိုဘာ ၃ ရက်တွင် သုံးကျပ်၊ အောက်တိုဘာ ၄ ရက်တွင် နှစ်ကျပ်သာ မြှင့်တင်ခဲ့ကာ အောက်တိုဘာ ၅ ရက်တွင် ဆက်လက်မြှင့်တင်မှု မရှိတော့ကြောင်း သိရသည်။    

ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာတန်ဖိုး တက်လာသော်လည်း ကမ္ဘာ့ရွှေဈေး ကျဆင်းလာသောကြောင့် ပြည်တွင်းရွှေဈေးလည်း လိုက်ပါကျဆင်းခဲ့သည်။ အောက်တိုဘာ ၄ ရက် နံနက်ပိုင်းတွင် ရွှေဈေးကျပ် ၈၉၉၆၀၀ အထိ ရောက်ရှိခဲ့သော်လည်း ညနေပိုင်းတွင် ကျပ် ၈၉၅၀၀၀ အထိ ပြန်လည် ကျဆင်းခဲ့သည်။ အောက်တိုဘာ ၄ ရက်တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စ ၁၃၁၀ ဒေါ်လာခန့်ရှိရာမှ တစ်ရက်အတွင်း ၁၂၇၀ ဒေါ်လာခန့်အထိ ထိုးဆင်းသွားခြင်းကြောင့် အောက်တိုဘာ ၅ ရက်တွင် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၈၇၀၈၀၀ အထိ ကျဆင်းခဲ့ပြီး ညနေပိုင်းတွင် ကျပ် ၈၇၂၀၀၀ ကျော်အထိ ပြန်လည် မြင့်တက်ခဲ့သည်။ 
Credit To >>> Eleven Media Group

0 comments:

Post a Comment