Tuesday, April 9, 2013

မြန်မာ့စီးပွားရေးကဏ္ဍသစ်အတွက် ဂျပန်အစိုးရ တွန်းအားပေး

ဂျပန်နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးသစ် ဖြစ်လာပြီးနောက် မစ္စတာကာရိုအာဆို သည် ပြည်တွင်း အရေးကြီး ကိစ္စများကို ဘေးချ၍ မြန်မာနိုင်ငံသို့ ခရီးထွက်ကာ အထူးစီးပွားရေးဇုန်တည်ဆောက်မည့် ဒေသတစ်ခုအား လည်ပတ်ရင်း မြန်မာနိုင်ငံ အတွက် ဘဏ္ဍာရေးအကူအညီများ ထပ်မံပေးအပ်ရန် အတည်ပြုပြောကြား သည်။ ယင်းမှာ ဂျပန်နိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်သူ မစ္စတာတာရိုအာဆို၏ ပထမဦး ဆုံး နိုင်ငံခြားခရီးစဉ်လည်း ဖြစ်သည်။ မြန်မာနိုင်ငံသို့ သုံးရက်ကြာ အလည်အပတ်ခရီးစဉ်အတွင်း အသက် ၇၂ အရွယ် မစ္စတာတာရိုအာဆိုသည် သမ္မတဦးသိန်းစိန်အပါအဝင် အစိုးရအဖွဲ့တွင် အရေးပါသော ဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ဂျပန်နိုင်ငံက ကြွေးမြီယန်းငွေ ၅၀ဝ ဘီလီယံ(ကန်ဒေါ်လာ ၆ ဘီလီယံ) လျှော့ပေါ့ပေးမည်ဖြစ်ပြီး နောက်ထပ်ကြွေးမြီသစ် ယန်းငွေ ၅၀ ဘီလီယံ ပေးအပ်မည်ဟုလည်း သမ္မတဦးသိန်းစိန်အား အတည်ပြုပြောကြားခဲ့သည်။ ယင်းမှာ ယခင်ဂျပန်အစိုးရ၏ ကတိကဝတ်အပေါ် ထပ်မံအတည်ပြုခြင်း ဖြစ်သည်။ “ပြည်ပကြွေးမြီပြဿနာ ဖြေရှင်းရာမှာ ဂျပန်နိုင်ငံရဲ့ အခန်းကဏ္ဍအတွက် မြန်မာနိုင်ငံက အရမ်းကို ကျေးဇူးတင်နေပါတယ်။ ကျွန်တော်ကျေနပ်ပါတယ်” ဟု မစ္စတာတာရိုအာဆိုက သတင်းထောက်များအား ပြောကြားသည်။ “မြန်မာနိုင်ငံမှာ ကြီးမားတဲ့ အလားအလာရှိတယ်လို့ ကျွန်တော်ခံစားရပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ပုဂ္ဂလိကနဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်မှုကို ဖွံ့ဖြိုးတိုးတက်အောင် ထောက်ပံ့ပေးဖို့ ဖြစ်ပါတယ်”ဟု သီလဝါဆိပ်ကမ်းသို့ လည်ပတ်စဉ် ဂျပန်ဘဏ္ဍာရေးဝန်ကြီးတာရိုအာဆိုက ပြောကြားသည်။ ကန်ဒေါ်လာ ၁၂ ဒသမ ၆ ဘီလီယံ အကုန်အကျခံ တည်ဆောက်မည့် ၂၄၀ဝ ဟက်တာ (ဧက ၅၉၀ဝ ကျော်) ကျယ်ဝန်းသော အထူးစီးပွားရေးဇုန်မှာ ဂျပန်-မြန်မာ ဆက်ဆံရေး၏ အဓိကအစိတ်အပိုင်းလည်း ဖြစ်သည်။ မြန်မာနိုင်ငံသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဥပဒေအား ယမန်နှစ်အတွင်း ပြဋ္ဌာန်းပြီးနောက် အထူးစီးပွားရေးဇုန်များနှင့်ပတ်သက်၍ ဥပဒေများကို ပြန်လည်ပြင်ဆင်နေဆဲဖြစ်သည်။ သီလဝါဆိပ်ကမ်းကြောင့် အလုပ်အကိုင်ရှားပါေးသာ နိုင်ငံတွင် အလုပ်အကိုင်အခွင့်အရေးများ ရရှိလာမည်ဟု မြန်မာနိုင်ငံမှအရာရှိများက မျှော်လင့်ထားသည်။ ဂျပန်-မြန်မာ အစည်းအရုံး၏ စီနီယာအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ မစ္စတာတာရိုအာဆိုက နောက်ပိုင်းတွင် ၎င်းနှင့်အတူ ခရီးသွားနေသော သတင်းထောက်များအား “ငါတို့ ကားနဲ့လျှောက်မောင်းနေတာ ကောင်းကင်မှာ မဟာဓာတ်အားလိုင်းတွေ မင်းတို့တွေ့မိလား။ ငါတော့ မတွေ့မိဘူး။ ဒီနိုင်ငံမှာ လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက်မရှိဘူး။ တည်ငြိမ်တဲ့ ဓာတ်အားပေးပို့မှုဆိုတာ ဘယ်စီးပွားရေးလုပ်ငန်းအတွက်မဆို အရေးကြီးတယ်”ဟု ပြောသည်။ မြန်မာနိုင်ငံ၏ ကောင်းကွက်လေးများလည်း ၎င်းကရှာတွေ့ခဲ့သည်။ ရန်ကုန်မှာ ညအခါမှာပင် ဘေးကင်းလုံခြုံသည်။ ဂျပန်နိုင်ငံကဲ့သို့ပင် ဖြစ်သည်။ အရာရှိများက အစည်းအဝေးများအတွက် အချိန်ကိုက်ရောက်ရှိကြသည်။ ဂျပန်လူ့အဖွဲ့အစည်းအတွက် အရေးကြီးသော နောက်တစ်ချက်ဖြစ်သည်။ 

0 comments:

Post a Comment