Monday, July 18, 2016

YSX စာရင်းဝင်ရန် ပြင်ဆင်နေသော မြန်မာနိုင်ငံသားများဘဏ် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေး အစီရင်ခံစာ ထုတ်ပြန်

ရန်ကုန်စတော့အိတ်ချိန်း (YSX) တွင် စာရင်းဝင် ကုမ္ပဏီဖြစ်ရန် ပြင်ဆင်နေသော မြန်မာနိုင်ငံသားများဘဏ် (MCB)သည် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးသော ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်၏ ဘဏ္ဍာရေး အစီရင်ခံစာကို ယခု တစ်ပတ်အတွင်း ထုတ်ပြန် ခဲ့ကြောင်း အဆိုပါဘဏ်၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမြင့်ဝင်းက ပြောကြားသည်။


အဆိုပါဘ ဏ်၏ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွက် လုပ်ငန်း လည်ပတ်မှု ဝင်ငွေမှာ ကျပ်သန်း ၁၃ဝဝဝ နီးပါးရှိပြီး ယခင်ဘဏ္ဍာနှစ်ထက် ၅၇ ရာခိုင်နှုန်း မြင့်တက်လာကြောင်း၊ အခွန်ဆောင်ပြီး အသားတင် အမြတ်ငွေမှာ ကျပ်သန်း ၅၃ဝဝ ဖြစ်ပြီး ယမန်နှစ်ထက် ၄ဝ ရာခိုင်နှုန်းမြင့် တက်လာကာ ယင်းမှာ ကုမ္ပဏီသက်တမ်း တစ်လျှောက် အများဆုံး ဖြစ်သည်။

လာမည့် ဇူလိုင်လကုန်တွင် ကျင်းပမည့် အဆိုပါဘဏ်၏ (၂၄) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးတွင် အမြတ်ခွဲ ဝေပေးမည်ဖြစ်ကြောင်း ဦးမြင့်ဝင်းက ပြောဆိုသည်။

မြန်မာနိုင်ငံသားများဘဏ်သည် ယခုလအတွင်း YSX တွင် စာရင်းဝင် အများပိုင် ကုမ္ပဏီအဖြစ် ခွင့်ပြုချက်ရနိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း YSX ထံမှ စုံစမ်း သိရှိရသည်။

“စာရင်းဝင် ဖြစ်ဖို့အတွက်က သက်ဆိုင်ရာ အဖွဲ့အစည်းတွေက စိစစ် ဆောင်ရွက်နေဆဲပဲဖြစ်ပါတယ်”ဟု YSX မှ အကြီးတန်း မန်နေဂျာ ဦးသက်ထွန်းဦးက ဆိုသည်။

စာရင်းဝင်အများပိုင် ကုမ္ပဏီအဖြစ် ယခုလအတွင်း သတ်မှတ်နိုင်ခြင်း ရှိ မရှိကို အတိအကျ မပြောနိုင်သေးဘဲလာမည့် သီတင်းပတ်တွင် YSX မှ စိစစ်ရေးအဖွဲ့များနှင့် တွေ့ဆုံရန်ရှိကြောင်း ဦးမြင့်ဝင်းက ဆိုသည်။

“အဆင့်သုံးဆင့် ကျန်သေးတာပေါ့။ စီမံအုပ်ချုပ်မှုအဖွဲ့၊ စာရင်းစစ်အဖွဲ့နဲ့ အုပ်ချုပ်မှု ဒါရိုက်တာတို့နဲ့ သူတို့နဲ့တွေ့ဆုံဖို့ ကျန်နေ သေးတာပေါ့။ စာရင်းစစ်အဖွဲ့ကို သူတို့ တွေ့ပြီး မေးမြန်းစရာ ရှိတာတွေ မေးမှာပေါ့။ ရှေ့တစ်ပတ်ထဲ တွေ့ဖို့တော့ မှန်းတာပဲ”ဟု ၎င်းကဆိုသည်။

MCB ဘဏ်၏ ဘဏ္ဍာရေးဆိုင်ရာ ဦးဆောင်အကြံပေး ကုမ္ပဏီအဖြစ် မြန်မာနိုင်ငံ ငွေချေး သက်သေခံလက်မှတ် ရောင်းဝယ်ရေးကုမ္ပဏီ (MSEC) က ဆောင်ရွက်မည် ဖြစ်ပြီး YSX တွင် အစုရှယ်ယာ ၁၅ ရာခိုင်နှုန်း ကျော်ကိုသာ အရောင်းအဝယ် ပြုလုပ်မည် ဖြစ်သည်။

MCB ဘဏ်၏ ခွင့်ပြုမတည်ရင်းနှီးငွေမှာ ကျပ်သန်းပေါင်း ၇၅ဝဝဝ ဖြစ်ပြီး ထည့်ဝင်ပြီး မတည်ရင်းနှီးငွေမှာ ကျပ်သန်းပေါင်း ၅၂ဝဝဝ ရှိကာ ထုတ်ဝေပြီး ရှယ်ယာ အစုပေါင်း ဆယ်သန်းကျော်ရှိကြောင်း အဆိုပါဘဏ်ထံမှ စုံစမ်း သိရှိရသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment