Monday, July 18, 2016

ဆိပ်ကမ်းအတွင်းရှိ တစ်နှစ်ကျော် ယာဉ်များကို ဒဏ်ကြေးဖြင့် ထုတ်ယူခွင့် ပြုတော့မည် မဟုတ်ဟုဆို


ဆိပ်ကမ်းအတွင်းရှိ တစ်နှစ်ကျော် ယာဉ်များကို ဒဏ်ကြေးဖြင့် ထုတ်ယူခွင့် ပြုတော့မည် မဟုတ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးထံမှ သိရှိရသည်။
ယခုလက်ရှိတွင် တစ်နှစ်ကျော်သည့်တိုင် လာရောက် ထုတ်ယူခြင်း မရှိသည့် ယာဉ်များကို လေလံ စာရင်းသွင်းပြီး သိမ်းဆည်းထားကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယခုလမှ စတင်ကာ ယာဉ်နှင့် ယန္တရားများကို ဆိပ်ကမ်းသို့ရောက်ရှိပြီး သုံးရက်အတွင်း လာရောက် ထုတ်ယူပါက ဆိပ်ကမ်း သိုလှောင်ခ ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ပြီး ထုတ်ယူခြင်း မရှိပါက ယခင်နှုန်းထားထက် နှစ်ဆ တိုးမြှင့် ကောက်ခံသွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးထံမှ သိရသည်။

“တစ်နှစ်ကျော်သွားတဲ့အထိ လာရောက်ထုတ်ယူခြင်း မရှိတဲ့ ယာဉ်များကို နည်းဥပဒေအရ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် အနေနဲ့ ယာဉ်ပိုင်ရှင်က စွန့်လွှတ်တယ်လို့ ယူဆပါတယ်။ ဒဏ်ကြေးနဲ့လည်း လုံးဝ ထုတ်ယူခွင့် မပြုတော့ပါဘူးဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ယနေ့အချိန်ထိ ဆိပ်ကမ်းအတွင်းရှိ တစ်နှစ်ကျော်တိုင် လာရောက် ထုတ်ယူခြင်း မရှိသည့် ယာဉ်အစီးရေမှာ ၁၂၀၀ ကျော်ခန့်ရှိပြီး ယင်းယာဉ်များကို လေလံတင် ရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment