Monday, July 18, 2016

JCB က ပြည်တွင်းဘဏ်အချို့နှင့်ပူးပေါင်း၍ Co-branded ကတ်များထုတ်မည်

ATM စက်များတွင် ငွေထုတ်၍ရသော Co-branded ကတ်များကို ဂျပန်ကတ်ကုမ္ပဏီ JCB International Co., Ltd.နှင့် ပြည်တွင်းဘဏ်အချို့ ပူးပေါင်းပြီး ယခုလပိုင်းအတွင်း ထုတ်လုပ်မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ ဌာနေကိုယ်စားလှယ် ဦးကျော်မင်းထွန်းက ပြောကြားသည်။

အဆိုပါ Co-branded ကတ်များမှာ JCB နှင့်ချိတ်ဆက်ထားသည့် ပြည်တွင်းဘဏ်၏ ATM စက်များတွင်သာ ငွေထုတ်ရမည်ဖြစ်ပြီး အွန်လိုင်းတွင်ဈေးဝယ်ခြင်းနှင့် အချို့သော ဈေးဝယ်စင်တာများတွင် ပစ္စည်းဝယ်ယူပါက ငွေပေးချေနိုင်ကြောင်း၊ ပြည်ပသို့ သွားလျှင်လည်း JCB နှင့်ချိတ်ဆက်ထားသည့် နိုင်ငံများရှိ ATM စက်များတွင်လည်း ငွေထုတ်ယူသုံးစွဲခွင့်နှင့် ဈေးဝယ်ရာတွင်လည်း ငွေပေးချေ၍ရကြောင်း ၎င်းကရှင်းပြသည်။
"ဒီကတ်ထုတ်နိုင်ဖို့ ပြည်တွင်းဘဏ် လေး၊ ငါးခုလောက်နဲ့ ဆွေးနွေးနေပါတယ်။ အခု Technical ပိုင်းတွေကို စမ်းသပ်နေပါပြီ။ Merchant နဲ့ ATM စက်တွေမှာ သုံးလို့အဆင်ပြေအောင် လုပ်နေတယ်" ဟု ၎င်းကဆိုသည်။
ယင်းကဲ့သို့ နိုင်ငံခြားကတ်များကို ထုတ်လုပ်ခြင်းသည် အဆိုပါနိုင်ငံသားများ ပြည်တွင်းတွင် အလုပ်လုပ်ကိုင်ပါက ငွေပေးချေမှုတွင် အဆင်ပြေနိုင်ပြီး ပြည်တွင်းမှကတ်သုံးစွဲသူများမှာလည်း ယင်းကတ်ထုတ်ထားသည့်နိုင်ငံသို့ သွားရောက်ပါက ငွေကြေးကိစ္စများတွင် အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ဘဏ်လုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုပြောကြားသည်။
JCB ကတ်ကုမ္ပဏီသည် ၂၀၁၄ ခုနှစ်မှစကာ Myanmar Payment Union အဖွဲ့နှင့်ပူးပေါင်း၍ ပြည်တွင်းကတ်လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ယခုနှစ်တွင် ပြည်တွင်းဘဏ်အချို့နှင့်ချိတ်ဆက်ကာ ငွေပေးချေရာတွင်အသုံးပြုသည့် Co-branded ကတ်ကို ပထမဆုံးအကြိမ် ထုတ်လုပ်မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment