Wednesday, January 11, 2017

ကြက်သားဟင်းခတ် အရသာမှုန့်များတွင် အချိုမှုန့် ပါဝင်မှု ရှိမရှိ သုတေသနပြုလုပ်ရာ Monosodium Glutamate အချိုမှုန့်ပမာဏ များပြားစွာ ပါဝင်နေကြောင်း တွေ့ရှိ

အချိုမှုန့်အစားထိုး ကြက်သားဟင်းခတ် အရသာမှုန့်များတွင် အချိုမှုန့်ပါဝင်မှု ရှိ မရှိ တပ်မတော် ဆေးသုတေသနတပ်မှ သုတေသနပြုလုပ်ရာ Monosodium Glutamate အချိုမှုန့်ပမာဏ များပြားစွာ ပါဝင်နေကြောင်း တွေ့ရှိခဲ့သည်ဟု ‘အချိုမှုန့် အစားထိုး ကြက်သားဟင်းခတ် အရသာမှုန့်များတွင် Monosodium Glutamate အချိုမှုန့် ပါဝင်မှု ပမာဏအား တိုင်းတာလေ့လာခြင်း’ သုတေသနအရ သိရသည်။

အဆိုပါ သုတေသန ပိုစတာကို (၄၅) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံတွင် တင်သွင်းပြသခဲ့ခြင်း ဖြစ်ပြီး သုတေသန လေ့လာချက်၏ ရည်ရွယ်ချက်မှာ အချိုမှုန့်၏ ဆိုးကျိုးများကို သိရှိပြီး မြန်မာနိုင်ငံတွင် ရောင်းချနေသော ကြက်သားဟင်းခတ် အရသာမှုန့်များတွင် အချိုမှုန့်ပါဝင်မှု ရှိ မရှိအား စောင့်ကြည့် လေ့လာရန်ဖြစ်ကြောင်း သိရသည်။


သုတေသန ပြုလုပ်ရာ၌ မြန်မာနိုင်ငံတွင် ရောင်းချနေသော ကြက်သားဟင်းခတ်မှုန့်များထဲမှ အမျိုးအစား သုံးမျိုးကို ကျပန်း နည်းလမ်းဖြင့် စုဆောင်းခဲ့ပြီး ၎င်းသုံးမျိုးကို အမျိုးအစား အေ၊ ဘီ၊ စီ ဟူ၍ သင်္ကေတစနစ် ပြုလုပ်မှတ်သား လေ့လာခဲ့ကြောင်း၊ ၎င်းအမျိုးအစားများတွင် Monosodium Glutamate အချိုမှုန့်ပါဝင်မှု ရှိ မရှိကို Thin Layer Chromatography (TLC) နည်းလမ်းဖြင့် စစ်ဆေးခဲ့ကြောင်း သိရသည်။

အချိုမှုန့်ပါဝင်မှု ပမာဏအနေဖြင့် အမျိုးအစားအေတွင် ၄၀ ဒသမ ၁၀ ရာခိုင်နှုန်း၊ အမျိုးအစားဘီတွင် ၄၆ ဒသမ ၂၂ ရာခိုင်နှုန်း၊ အမျိုးအစားစီတွင် ၆၂ ဒသမ ၈၈ ရာခိုင်နှုန်း အသီးသီး ရှိကြောင်းနှင့် လေ့လာမှုအရ ကြက်သားဟင်းခတ် အမှုန့်သုံးမျိုးစလုံးတွင် အချိုမှုန့် ပါဝင်မှု ပမာဏ များပြားသည်ဟု တွေ့ရှိခဲ့ကြောင်း သုတေသနပြုလုပ်ချက်များ အရ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ (၄၅) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံကို ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၉ ရက်မှ ၁၃ ရက်အထိ ဆေးသုတေသန ဦးစီးဌာနတွင် ကျင်းပလျက်ရှိပြီး ကျန်းမာရေးဆိုင်ရာ သုတေသန ပညာရပ်များ အဆင့်မြင့် တိုးတက်လာခြင်းဖြင့် မြန်မာနိုင်ငံ၏ ပြည်သူ့ကျန်းမာရေး အဆင့်အတန်း မြင့်မားလာစေရန်နှင့် ကျန်းမာရေးနှင့် နှီးနွှယ်ဆောင်ရွက်သော သုတေသီ ပညာရှင်များ၏ သုတေသန ပြုလုပ်တွေ့ရှိချက်များကို တင်ပြခြင်းဖြင့် အသုံးပြုမည့်သူများ လက်ဝယ်သို့ သုတေသနရလဒ်များ ရောက်ရှိစေရန် ရည်ရွယ်၍ ညီလာခံကို ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

ညီလာခံတွင် ကျန်းမာရေးဆိုင်ရာ သုတေသနစာတမ်း ၁၀၃ စောင်ကို တင်သွင်း ဖတ်ကြား၍ ပိုစတာ ၅၆ စောင် တင်သွင်းပြသပြီး ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ၁၁ ခုနှင့် ပညာရပ်ဆိုင်ရာ ဟောပြောပွဲတစ်ခုတို့ကို ထည့်သွင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်းပြည်ပမှ လူမှုအဖွဲ့အစည်းများ၊ ဆေးဝါးကုမ္ပဏီများ၊ ဓာတ်ခွဲခန်း ကိရိယာ၊ ဓာတုပစ္စည်းတင်သွင်းသည့် ကုမ္ပဏီများနှင့် ပြည်တွင်းပြည်ပ ပုဂ္ဂလိက ဓာတ်ခွဲခန်းများ၊ ဆေးရုံများ၊ ဆေးခန်းများမှ ဆေးပစ္စည်း ကိရိယာများ ပါဝင်ပြသမည်ဖြစ်ကြောင်း သိရသည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment