Tuesday, July 23, 2013

နိုင်ငံတကာအဆင့်ရှိ ဟိုတယ်များ မြေငှားခကြွေးကျန်များ ဆပ်ပြီဟုဆို

ရန်ကုန်မြို့ရှိ ကြယ်ငါးပွင့်နှင့် လေးပွင့်ရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ်ကြီးများက နိုင်ငံတော်သို့ ပေးရန်ကျန်ရှိသော မြေငှားရမ်းခ ကြွေး ကျန်များကို ဇူလိုင်လအတွင်း အကျေဆပ်ပြီ ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဦးချစ်ခင်က ပြောကြားသည်။


၂၀၁၂ခုနှစ်နှင့်၂၀၁၃ ခုနှစ် ဇွန်လများတွင် မြေငှားရမ်းခများ တောင်းခံခဲ့ရာ ပတ်ရွိုင်ရယ်ဟိုတယ်၊ ဆီဒိုးနားဟိုတယ်၊ ချက်ထရီယံဟိုတယ်နှင့် ထရိတ်ဒါးဟိုတယ်တို့သည် ကျန်ရှိနေသော မြေငှားရမ်းခ အကြွေးကျန်များကို ဆပ်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးတစ်ဦးက ဆိုသည်။

၂၀၁၂ခုနှစ်အထိ မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ လာရောက် ရင်းနှီးမြှုပ်နှံ ခဲ့ကြသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ်များအတွက် မြေနေရာ ငှားရမ်းခအဖြစ် နိုင်ငံတော်သို့ ပေးဆောင်ရန် အမေရိကန်ဒေါ်လာ ၄၂ သန်းခန့်အကြွေးကျန် ရှိခဲ့ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

“၂၀၁၂ ထဲမှာ ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှု တိုးလာတာကြောင့် ဟိုတယ်ကြီးတွေ အနေနဲ့ လုပ်ငန်း လည်ပတ်လာနိုင်တဲ့ အတွက် မြေငှားရမ်းခ ကြွေးကျန်တွေ ဆပ်နိုင်ခဲ့တယ်လို့ ထင်တယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိမြေငှားရမ်းခ ကြွေးကျန်မှာ အမေရိကန်ဒေါ်လာ သန်း ၂၀ ခန့်ဖြစ်ပြီး နယ်စပ်ဒေသများတွင် ရှိသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ်အချို့နှင့် ရန်ကုန်မြို့ရှိ ဟိုတယ်နှစ်လုံးတို့က ပေးချေရမည် ဖြစ်ကြောင်း၊ ၂၀၁၄ ခုနစ်အတွင်း မြေငှားရမ်းခ ကြွေးကျန်အားလုံးကို အကျေတောင်းခံ သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနထံမှ သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနသည် ယခင်ကပေးရန် ကျန်သော အမေရိကန်ဒေါ်လာ ၁၁ သန်းကို နိုင်ငံတော်သို့ အကျေပေးသွင်းခဲ့ပြီ ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ဇူလိုင်လ ဒုတိယပတ်က မန္တလေးရှိ ဟိုတယ်ခရီးဝန်ထမ်းများ၊ ခရီးသွားလုပ်ငန်းရှင်များ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် ဧည့်လမ်းညွှန် များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

The Voice Weekly

0 comments:

Post a Comment