Friday, October 18, 2013

မြန်မာတွင် လူလေးသိန်းခန့် ခေတ်သစ် ကျေးကျွန်ဘဝ ရောက်နေဟု Walk Free ဆို

ရန်ကုန်၊ အောက်တိုဘာ ၁၇
မြန်မာနိုင်ငံတွင် လူပေါင်းသုံးသိန်း ခြောက်သောင်းကျော် မှာ ခေတ်သစ်ကျေးကျွန် ဘဝကို ရောက် ရှိနေကြောင်း သြစတြေးလျနိုင်ငံ အခြေစိုက် Walk Free Foundation ၏ ၂၀၁၃ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ကျေးကျွန် ညွှန်းကိန်း တွင် ဖော်ပြလိုက်သည်။
ခေတ်သစ်ကျေးကျွန် ပြုရာတွင် အတင်းအကျပ် ခိုင်းစေမှု (forced labour) နှင့် လူကုန်ကူးမှု (human trafficking)၊ လိင်ကျွန်၊ အကြွေးကြောင့် သိမ်းယူမှု၊ ကလေးများကို ရောင်းမှုနှင့် မတရား ခိုင်စေမှုတို့ ပါဝင်ပြီး မြန်မာနိုင်ငံတွင် ခေတ်သစ်ကျေးကျွန်အဖြစ် ကျွန်ပြုခံရသူ ၃ ဒသမ ၅ သိန်းမှ ၄ သိန်းအထိ ရှိနေကြောင်း အောက်တိုဘာလ ၁၇ ရက်နေ့က ထုတ်ပြန်သည့် ယင်းအစီရင်ခံစာတွင် ဖော်ပြသည်။
မြန်မာနိုင်ငံတွင် အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ ဥပဒေပြဋ္ဌာန်း ထားသော်လည်း လက်တွေ့ကျင့်သုံးမှု အားနည်းနေကြောင်း အဆိုပါ အစီရင်ခံစာတွင် ဆက်လက်ဖော်ပြသည်။
အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်၊ အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းနှင့် အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ကို အောက်တိုဘာလ ၁၇ ရက်နေ့ ည ၈ နာရီကျော်တွင် ဆက်သွယ်ခဲ့ရာ အဆက်အသွယ် မရရှိခဲ့ပေ။
ကမ္ဘာ့နိုင်ငံပေါင်း ၁၂၆ နိုင်ငံ၏ စာရင်းများကို ထည့်သွင်းကာ တွက်ချက်ထားသည့် ယင်းအစီရင်ခံစာ၌ ကမ္ဘာ တစ်ဝန်းလုံးတွင် ခေတ်သစ်ကျေးကျွန်အဖြစ် ခိုင်းစေခံနေရသူ ၂၉ ဒသမ ၈ သန်းကျော်ရှိပြီး ခေတ်သစ် ကျွန်ပြုမှု အဆိုးဆုံး စာရင်းတွင် မော်ရီတေးနီယား၊ ဟေတီ၊ ပါကစ္စတန်၊ အိန္ဒိယ၊ နီပေါတို့ ရပ်တည်နေပြီး မြန်မာနိုင်ငံက အဆင့် ၄၂ တွင် ရှိသည်။
The Voice Weekly

0 comments:

Post a Comment