Monday, July 18, 2016

မိုင်ဂျာယန် နှင့် ၁၀ မိုင်ကျော်အကွာတွင် ဇူလိုင် ၁၅ရက်က လက်နက်ကြီးကျရောက်ဟုဆို

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး ကျင်းပရန် စီစဉ်နေသည့် ကချင်ပြည်နယ် မိုင်ဂျာယန်မြို့မှ ၁၀ မိုင်ကျော်အကွာတွင် ဇူလိုင်လ ၁၅ ရက်ညပိုင်းက လက်နက်ကြီး ကျရောက်ခဲ့သည်ဟု မိုင်ဂျာယန်ဒေသခံများထံမှ သိရသည်။

ဇူလိုင်လ ၁၅ ရက် ည ၁၀ နာရီခွဲချိန်တွင် လွယ်ဂျယ်မြို့ပြင် ပန်ရှန်း(Pang Shan)ကျေးရွာတွင် လက်နက်ကြီး ၂ ကြိမ် ကျရောက်ခဲ့သဖြင့် ယနေ့ နံနက်ပိုင်းတွင် သွားရောက် စုံစမ်းခဲ့ရာ လူမရှိတော့သည့် ကျေးရွာအတွင်း ကျရောက်ခဲ့သဖြင့် လူထိခိုက်မှု မရှိကြောင်း မိုင်ဂျာယန်မြို့ခံ တစ်ဦးက ပြောသည်။
“ညက လက်နက်ကြီးကျတယ်။ ပထမ အသံတော့ သိပ်မကျယ်ဘူး။ နောက်အသံက တော်တော်ကျယ်တယ်။ ဒီနေ့လည်း အစည်းအဝေးမှာ လူတွေ လက်နက်ကြီးကျတယ်ဆိုတာတွေတော ပြောနေကြတယ်”
လက်နက်ကြီး ကျရောက်မှုနှင့် ပတ်သက်၍ အသေးစိတ်မသိရသေးသော်လည်း မိုင်ဂျာယန်၏ အနောက်ဘက် မိုင်ပေါင်း ၁၀ မိုင်ကျော် ၁၅ မိုင်ခန့် အကွာအဝေးရှိ မြန်မာ့တပ်မတော် စခန်းမှ ၈၂ မမနှင့် ၆၀ မမ လက်နက်ကြီးတို့ဖြင့် မကြာခဏ ပစ်ခတ်မှုများ ရှိခဲ့သည်ဟု KIO မှ သတင်းနှင့် ပြန်ကြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
“ခါတိုင်းလည်း ကျပါတယ်။ အဲဒီမှာ တပ်မတော်ရဲ့ ရှေ့တန်းစခန်းရှိတယ်။ ဗမာလိုတော့ မပြောတတ်ဘူး။ ကချင်လိုက ဘွမ်ဘောင်ဘွမ်ဆိုတဲ့ စခန်းကနေ ခဏခဏ ၈၂ တို့၊ ၆၀ မမတို့နဲ့ ပစ်ကြတယ်။ ကျနော်တို့ဘက်ကတော့ တပ်မဟာ ၃ က တပ်ရင်း ၁၅ ၊ နည်းဗျူဟာ ၂၀၄ နေရာချထားတာရှိတယ်။ သူတို့ဘက်နေ ခဏခဏ အချင်းချင်းချိန်းခြောက်တဲ့ ပုံစံနဲ့ ပစ်ကြတယ်။ ဒါကတော့ ကြီးကြီးမားမားတော့ မဟုတ်ဘူး။ ၂ ၊ သုံးချက်ပစ်တာမျိုးတွေ ရှိတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။
ထိုသို့ လက်နက်ကြီး ပစ်ခတ်မှုများ ရှိသဖြင့် မကြာမီ ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးအတွက် တစ်စုံတစ်ရာ စိုးရိမ်ဖွယ်မရှိကြောင်း သူက ဆက်လက် ပြောဆိုသည်။
“အဲဒီမှာက ခဏခဏ ပစ်ကြတယ်။ စိုးရိမ်စရာမရှိဘူးထင်တယ်။ ဒီအစည်းအဝေးကို ထိခိုက်တာမျိုး၊
အနှောက်အယှက်ပေးတာ မျိုးတော့ မရှိလောက်ဘူးခင်ဗျ”ဟု သူက ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးကို ဇူလိုင်လ ၂၆ ရက်မှ ၂၉ ရက်ထိ ကျင်းပရန် ပြင်ဆင်နေပြီ ဖြစ်သည်။
ယခင်က တပ်မတော်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးများသည် အင်ခေါင်းပါ စစ်ပြေး ဒုက္ခသည်စခန်း အနီးအနား ဘက်တွင်လည်း မကြာခဏ ကျရောက်ခဲ့သော်လည်း လူထိခိုက်မှု မရှိခဲ့ကြောင်း မိုင်ဂျာယန် ဒေသခံ တစ်ဦးက ပြောသည်။
ယမန်နေ့ လက်နက်ကြီး ကျရောက်ခဲ့သော ပန်ရှန်းကျေးရွာတွင် တပ်မတော်နှင့် KIA တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် လွယ်ဂျယ် စစ်ပြေး ဒုက္ခသည်စခန်းများသို့ သွားရောက် ခိုလှုံနေသော်လည်း တစ်ချို့ ရွာသားများသည် မိမိတို့ ကျေးရွာအတွင်း ခြံများ သွားရောက် လုပ်ကိုင်သူများလည်း ရှိနေသည်ဟု မိုင်ဂျာယန် ဒေသခံ တစ်ဦးက ပြောသည်။
“အဲဒီရွာက လူတွေက အရင်ကတည်းက ဒုက္ခသည်စခန်းမှာ လာနေကြပြီ။ တိုက်ပွဲမဖြစ်တဲ့အချိန် တချို့ကတော့ သူတို့ရဲ့ ခြံတွေ သွားသွားကြည့်တဲ့လူတွေတော့ ရှိတယ်။ အခုလို လက်နက်ကြီး ကျလာတော့ ခြံသွားကြည့်တဲ့လူတွေ အိုင်ဒီပီ စခန်းကို ပြန် ထွက်ပြေးလာကြတယ်။ အားလုံးက လွယ်ဂျယ်စခန်းတွေမှာ နေနေကြတယ်”ဟု သူက ပြောသည်။
အလားတူ ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ် ဖားကန့်ဒေသဘက်တွင်လည်း မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA) တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့တို့ ဇူလိုင်လ ၆ ရက်မှစတင်၍ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး ဇူလိုင်လ ၁၃ရက်နှင့် ၁၅ ရက်များတွင် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်ဟု KIA တပ်ရင်း ၆ မှ တပ်ရင်းမှူး ဗိုလ်မှူး တန်ဆိုင်းက ပြောသည်။
“အခုတလော ကျနော်တို့လည်း လမ်းပေါ်ထွက်လာ။ သူတို့(တပ်မတော်) တပ်ကလည်း တက်လာဆိုတော့ လမ်းမှာ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်တယ်။ ၁၃ နဲ့ ၁၄ မှာက ဂျာရာယန်ဘက် တိုက်ပွဲ ပြင်းထန်တယ်။ မနေ့ကနေ့ ဒီနေ့တော့ ငြိမ်နေတယ်”ဟု သူက ပြောသည်။
ဖားကန့်မြို့နယ် ဂျာရာယန်ကျေးရွာအထက်တွင် တပ်မတော်၏ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်(ရပခ) လက်အောက်ခံ တပ်ရင်း ခလရ ၁၀၂၊ ခမရ ၄၂၇ နှင့် ခမရ ၃၃၆ တို့ ပူးပေါင်း၍ စစ်အင်အား ၂၀၀ ကျော်က ထိုးစစ်တင်တိုက်ခိုက်လာခြင်း ဖြစ်သည်ဟု သူက ပြောသည်။ တိုက်ပွဲအတွင်း KIA ဘက်က ကျဆုံးမှု မရှိသော်လည်း တပ်မတော်ဘက်မှ အရာရှိများ ထိခိုက်ကျဆုံးမှု ရှိသည်ဟု ဗိုလ်မှူး တန်ဆိုင်းက ပြောသည်။
ဇူလိုင် ၁၇ရက်တွင် KIO ဒုဥက္ကဌ လည်းဖြစ်၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ အပါအဝင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) မှ ထိပ်သီးခေါင်းဆောင် ၄ ဦးတို့သည် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့တွင် တွေ့ဆုံလျက်ရှိသည်။
Credit To >>> Mizzima Burmese 

0 comments:

Post a Comment