Monday, July 18, 2016

ပုဂံဟိုတယ် ၄၂ လုံး ကွင်းဆင်း လေ့လာမှု တိုင်းလွှတ်တော်ထံ တင်ပြမည်

ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) က တားမြစ်ထားသည့် ဟိုတယ်နှင့် တည်းခိုရိပ်သာ ၄၂ လုံးကို ကွင်းဆင်း လေ့လာပြီဖြစ်၍ လေ့လာမှု အခြေအနေကို မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌထံ ဇူလိုင်လ ၂ဝ ရက်တွင် တင်ပြမည်ဖြစ်ကြောင်း သာသနာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီထံမှ သိရသည်။

“အဲဒီ့နေ့ လွှတ်တော်မှာ ကော်မတီအဖွဲ့တွေ ချိန်းထားတာရှိပြီး လွှတ်တော်ဥက္ကဋ္ဌကို တင်ပြသွားပါမယ်။ ကျွန်တော်တို့ရဲ့ ကော်မတီဝင်တွေကလည်း ကွင်းဆင်း လေ့လာမှုတွေကို စာတမ်းပြုစု ထားပါတယ်”ဟု သာသနာရေး၊လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ညောင်ဦးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်က ဆိုသည်။
ကွင်းဆင်း လေ့လာမှု စာတမ်းအရ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက လိုအပ်ချက်ကြောင့် ဒုတိယအကြိမ် ထပ်မံ ကွင်းဆင်းရန် ညွှန်ကြားလာပါက ဆောင်ရွက်သွားမည့်အပြင် ဟိုတယ်နှင့် တည်းခိုရိပ်သာ ၄၂ လုံးနှင့် ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့လည်း တင်ပြသွားရန် စီစဉ်ထားကြောင်း သာသနာရေး၊လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီထံမှ ဆက်လက် သိရသည်။
အဆိုပါ ကော်မတီသည် ပုဂံယဉ်ကျေးမှု နယ်မြေရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာ ၄၂ လုံးကို ဇူလိုင်လ ၆ ရက်မှ ၉ ရက်အထိ သုံးရက်ကြာ ကွင်းဆင်း စစ်ဆေး လေ့လာခဲ့ပြီး ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) မှ တာဝန်ရှိသူများနှင့် ဇူလိုင်လ ၈ ရက်က တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။
“ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီးကို တင်ပြထားပြီးဖြစ်သလို ဝန်ကြီးကလည်း နိုင်ငံတော် အစိုးရအဖွဲ့(Cabinet)ကို ဒါနဲ့ ပတ်သက်ပြီး ရှင်းလင်းတင်ပြပြီး ဖြစ်ပါတယ်”ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ဆိုသည်။
လက်ရှိ ပုဂံ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ခွင့်ပြုထားသည့် လိုင်စင်ရ ဟိုတယ်နှင့် တည်းခိုရိပ်သာ ၁၂၇ လုံးရှိပြီး အခန်းပေါင်း ၃၅ဝဝ ကျော်ရှိကြောင်း ဒေသခံ ပြည်သူများနှင့် စီးပွားရေး လုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေး အသင်းထံမှ သိရသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment