Wednesday, June 8, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူသမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီရှန်လုံးတို့ တွေ့ဆုံဆွေးနွေး


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူသမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ လီရှန်လုံး တို့သည် ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံကြသည်။

တွေ့ဆုံပွဲတွင် ၁၉၉၉ ခုနှစ်က ချုပ်ဆိုခဲ့သော နှစ်နိုင်ငံအကြား အခွန်နှစ်ထပ် မဖြစ်စေရေးသဘောတူစာချုပ်ကို ခေတ်အခြေအနေနှင့်အညီ ပြန်လည်သုံးသပ်ရေး၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်နိုင်ရေး၊ စင်ကာပူလေကြောင်းလိုင်းများ မြန်မာနိုင်ငံမြို့ကြီးများသို့ တိုးချဲ့ပျံသန်း ပို့ဆောင် ခြင်းအပါအဝင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ-စင်ကာပူ သက်မွေးပညာသင်တန်းကျောင်း၌ ဝန်ဆောင်မှုနှင့် သက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းများ တိုးမြှင့်ဖွင့်လှစ် သင်ကြားရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံတကာမျက်နှာစာနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ၌ အာဆီယံ ကိုယ်စား တက်ကြွစွာဦးဆောင်မှုပေးရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နှစ်နိုင်ငံအကြား သာမန်နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူများ ရက်(၃ဝ) ဗီဇာကင်းလွတ် ခွင့်ဖြင့် အပြန်အလှန်သွားရောက်နိုင်ရေးသဘောတူညီချက်ကို ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ သံအမတ်ကြီး မစ္စတာ ရောဘတ်ချွာတို့က လဲလှယ်ခဲ့ကြသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment