KIA က တပ်သားစုဆောင်းရန် အတွက် မန်စီမြို့နယ် အတွင်းမှ ဖမ်းဆီး
ခေါ်ဆောင်သွားသည် ဆိုသော ရှမ်းနီ တိုင်းရင်းသား ၁၀၀ ကျော်ကို ပြန်လွှတ်ပေးရန်
ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် KIO/KIA အဖွဲ့အား ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း
ကချင်ပြည်နယ်အခြေစိုက် ရှမ်းမျိုးနွယ်စုများ အရေး လှုပ်ရှားသူ
ဦးစိုင်းထိန်လင်းက ပြောကြားသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဝန်းသိုကျောင်းတိုက်မှ စတင်ကာ
ကေအိုင်အို ငြိမ်းချမ်းရေး နည်းပညာ အထောက်အကူပြုရုံး ရှေ့အထိ လမ်းလျှောက်
ဆန္ဒပြမည် ဖြစ်ပြီး ရှမ်းတိုင်းရင်းသား လေးသောင်းခန့် ပါဝင်မည် ဖြစ်ကြောင်း၊
ကေအိုင်အေမှ ရှမ်းနီတိုင်းရင်းသားများအား ဖမ်းဆီးခြင်း အပေါ် ကန့်ကွက်သည့်
ကြေညာချက် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။
"ဒီနှစ်
ဒီဇင်ဘာလ အတွင်း ကေအိုင်အေက ဖမ်းဆီးထားတဲ့ ရှမ်းနီလူမျိုး တစ်ရာကျော်
ပြန်လွှတ်ဖို့ ရည်ရွယ်ပါတယ်။ လွှတ်ပြီးရင်လည်း ပြန်မဖမ်းဖို့နဲ့ ရှမ်းကျေးရွာ
တွေကို ဆက်ကြေး မကောက်ဖို့ပါ" ဟု ဆန္ဒပြရခြင်း ရည်ရွယ်ချက်ကို ရှမ်းနီ
(တိုင်းလိုင်) တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဥက္ကဋ္ဌ ဦးစိုင်းဌေးအောင် က
The Voice သို့ ပြောကြားသည်။
သို့သော် မြစ်ကြီးနား ရဲစခန်းမှ
လုံခြုံရေး အကြောင်းပြချက်ဖြင့် ဆန္ဒပြမည့်ရက်ကို နောက်ဆုတ်ပေးရန်
ပြောဆိုထားကြောင်း ကချင်ပြည်နယ် ရှမ်းမျိုးနွယ်စုများ ရေးရာ လှုပ်ရှားသည့်
အဖွဲ့မှ ခေါင်းဆောင် ဦးထိန်လင်းက ပြောကြားသည်။
အဆိုပါ ကိစ္စနှင့်
ပတ်သက်၍ မြစ်ကြီးနား မြို့ရှိ ကေအိုင်အို နည်းပညာအထောက် အကူပြုရုံးသို့ The
Voice က ဆက်သွယ် မေးမြန်းခဲ့သော်လည်း တယ်လီဖုန်း ပိတ်ထားသဖြင့် ဆက်သွယ်၍
မရခဲ့ပေ။
သို့သော် ရှမ်းနီလူမျိုးများကို ယခုလအတွင်း ဖမ်းဆီးထားခြင်း
မရှိကြောင်း မြစ်ကြီးနားမြို့ရှိ KIO/KIA နည်းပညာ အထောက်အကူပြု အဖွဲ့က
ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ငြင်းဆိုထားသည်။
ကချင်ပြည်နယ်
မန်စီမြို့တွင်း နေထိုင်သော ရှမ်းနီလူမျိုး ၆၀ ကျော်ကို ဒီဇင်ဘာလ ပထမအပတ်
အတွင်း KIA တပ်မဟာ ၁၂ က တပ်သားစုဆောင်းရန် အတွက် ဖမ်းဆီးခေါ်ဆောင်သွားပြီး
နိုဝင်ဘာလ နှင့် ဒီဇင်ဘာလ အတွင်း တပ်သားစုဆောင်းရန် ဖမ်းဆီးခံရသည့်
ရှမ်းနီလူမျိုး ၁၀၀ ကျော် ရှိပြီဖြစ်ကြောင်း ရှမ်းနီ(တိုင်းလိုင်)
တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က ဆိုသည်။
The Voice Weekly
0 comments:
Post a Comment