Wednesday, June 8, 2016

မြေလွတ်အတွင်း ခွင့်ပြုချက်မရှိဆောက်လုပ်ထားသော တဲအိမ်မီးရှို့သူများကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၃၆ ဖြင့် တရားစွဲဆို

ကျူးကျော်နေထိုင်သူများကို ဥပဒေအရ အမှုဖွင့်အရေးယူရန် ဆောင်ရွက်လျက်ရှိသည့်အပြင် ကျူးကျော်တဲ မီးရှို့သူများ၏လုပ်ရပ်သည် တည်ဆဲဥပဒေများကို ချိုးဖောက်ခြင်းဖြစ်သည့်အတွက် ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိပါကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့်(ခ) ဦးလှမြင့်သန်း၏ မေးခွန်းနှင့် စပ်လျဉ်း၍ ယနေ့အစည်းအဝေးတွင် ဖြေကြားသည်။

ထို့ပြင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့်(ခ) ဦးလှမြင့်သန်း ၏ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ကျေးရွာအုပ်စု ဝါးဒတ်ကွင်းကျေးရွာအနီး မြေလွတ်မြေလပ်များတွင် တဲအိမ်ဖြင့် အိမ်ခြေ ၄ဝဝ ခန့် အခြေချနေထိုင် သူများကို အကြမ်းဖက်ရိုက်နှက်နှင်ထုတ်ပြီး အိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းသည် ဥပဒေနှင့် ညီညွတ်မှု ရှိ၊ မရှိ စိစစ်ခြင်း၊ နစ်နာသူများအား ကုစားပေးရန်နှင့် တာဝန်ရှိသူများကို ဥပဒေအရ အရေးယူဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းပါအချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရုံးအမိန့်အမှတ် (၂/၂ဝ၁၅)ကို ဖီဆန်လျက် ကျူးကျော်ဆောက်လုပ်နေထိုင်သူ ဦးဘိုဘိုအောင်ပါ ၁၁ ဦးကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၈၈ ပြစ်မှုကြီးအမှတ်(၆၉၈/၂ဝ၁၅)အရ လည်းကောင်း၊ ထပ်မံဆောင်ရွက်သူ ဦးမောင်ရွှေပါ ခြောက်ဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ ပြစ်မှုကြီးအမှတ် (၇၆၈/၂ဝ၁၅)အရလည်းကောင်း၊ ရပ်ကွက် ကျေးရွာ ငြိမ်ဝပ်ပိပြားရေးကိုပျက်ပြားစေပြီး ပြစ်မှုကျူးလွန်စေရန် ရည်ရွယ် ချက်ဖြင့် ဦးဆောင်ခဲ့သည့် ဦးမောင်ရွှေပါ ၄ ဦးကို ကျိုက်ထိုမြို့နယ်တရားရုံးမှ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၅ဝ၅(ခ)အရ ရာကြီးအမှုအမှတ် (၇၈၃/၂ဝ၁၅) ဖြင့် လည်းကောင်း အသီးသီးစစ်ဆေးအရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုးရမှ စီမံခန့်ခွဲနိုင်သော မြေလွတ်အတွင်း ခွင့်ပြုချက်မရှိကျူးကျော် ဆောက်လုပ်ထားသော တဲအိမ်အလုံး ၇ဝ အနက် အလုံး ၆ဝ ခန့် မီးရှို့ဖျက်ဆီး သူများကို သိမ်ဇရပ်နယ်မြေရဲစခန်းက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၃၆ ဖြင့် တရားစွဲဆိုပြီး ဥပဒေအကြံပြုချက်များ တောင်းခံထားပါကြောင်း ဖြေကြားသည်။
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ကျိုက်ထိုမြို့နယ် တရားရုံးမှ လည်း အမှုများကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြန့်ကြာမှုမရှိအောင် မှန်မှန်နှင့် မြန်မြန်စစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် ကျူးကျော် ဝင်ရောက်သူအများစုသည် ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်မှဖြစ်ကြောင်း သိရှိရသည့်အတွက် ပြည်နယ်၊ တိုင်းဒေသကြီး နယ်မြေများကျော်လွန်၍ မြေကွက်ကျူးကျော်မှုများ ဆောင်ရွက်ခြင်းမပြုစေရေးအတွက် ဝေါမြို့နယ်နှင့် နီးစပ်ရာကျေးရွာများသို့ ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ပေးရန် မွန်ပြည်နယ် အစိုးရအဖွဲ့မှ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ညှိနှိုင်းအကြောင်းကြားထား ပါကြောင်း၊ ဝါးဒတ်ကွင်းကျေးရွာ တိုးချဲ့ရွာမြေ ၉၂ ဒသမ ၃၇ ဧကကို ရွာမြေ တိုးချဲ့ ခွင့်ပြုမိန့်ရရှိပါက မွန်ပြည်နယ်အစိုးရအနေဖြင့် မြေကွက်နေရာချထား ရေးကော်မတီဖွဲ့စည်း၍ ရှင်းလင်းပြတ်သားသည့် မြေကွက်နေရာချထားရေး မူဝါဒများချမှတ်ပြီး ဒေသခံအိုးမဲ့အိမ်မဲ့များကို ဦးစားပေးအစီအစဉ်အရ ပွင့်လင်းမြင်သာစွာ စနစ်တကျနေရာချထားဆောင်ရွက်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁ဝ)မှ ဒေါ်နော်လှလှစိုး၏ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်သက်ဆိုင်သော နိုင်ငံဖြတ်ကျော်လုပ်ငန်းများတွင် ပိုမိုလျင်မြန်သွက်လက်စေရန် အစီအစဉ်ချမှတ် ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ နှင့် ရှိပါက မည်ကဲ့သို့ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် သက်ဆိုင်သော နိုင်ငံဖြတ်ကျော် မှုခင်းများတွင် ပိုမိုလျင်မြန်သွက်လက်စေရန်အတွက် လူကုန်ကူးမှုသတင်းများကို အချိန်နှင့်တစ်ပြေးညီ ရရှိအောင်ဆောင်ရွက်ပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ တားဆီးခြင်း၊ ဖော်ထုတ် ဖမ်းဆီးအရေးယူခြင်း၊ လူကုန်ကူးခံရသူများ ကယ်တင်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်စပ်ဖြတ်ကျော်လူကုန်ကူးမှုများကို သက်ဆိုင်ရာနယ်စပ်ဆက်ဆံရေးရုံးများမှလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့(အင်တာပို)နှင့်လည်းကောင်း၊ နှစ်နိုင်ငံရဲတပ်ဖွဲ့ချင်း ဆက်သွယ်၍ လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာနိုင်ငံ၏ သံရုံးသို့ အကြောင်းကြား၍ သံတမန်နည်းလမ်းအရလည်းကောင်း ဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားသည်။
အစည်းအဝေး၌ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပေးပို့ လာသည့် လျှပ်စစ်နည်းဥပဒေများ၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး နည်းဥပဒေများကို လွှတ်တော်က ပြင်ဆင် ချက်မရှိ အတည်ပြုကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြေညာသည်။
အမျိုးသားလွှတ်တော် (၃၈)ရက်မြောက်နေ့ အစည်းအဝေးကို ဇွန် ၈ ရက် နံနက်ပိုင်းတွင် ဆက်လက်ကျင်းပသွားရန် လျာထားကြောင်း သိရသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment