ဟာသဇာတ်ကွက် များစွာပါဝင်တဲ့ သရဲတစ္ဆေ ဇာတ်ကား Pee Mak ဟာ ထိုင်းနိုင်ငံက ထွက်ရှိဖူးသမျှ ရုပ်ရှင်ဇာတ်ကားများမှာ ဝင်ငွေအကောင်းဆုံး အဖြစ် စံချိန်တင်သွားတယ်လို့ CNA သတင်း တစ်ရပ်က ဖော်ပြထားပါတယ်။ ဒီဇာတ်ကားဟာ မတ်လအတွင်းက စတင် ထွက်ရှိတာဖြစ်ပြီးတော့ အမေရိကန်ဒေါ်လာ ၃၃ သန်း ဝင်ငွေရရှိခဲ့တာမို့ ထိုင်းပြည်တွင်းဖြစ် ရုပ်ရှင်တွေထဲမှာ စံချိန်ချိုးသွား တာဖြစ်ပါတယ်။ Pee Mak ရုပ်ရှင်ဒါရိုက်တာ ဘန်ဂျောင် ပီဆန်သနခွန်က သည်းထိတ်ရင်ဖို ဇာတ်ကားတွေ ဖြစ်တဲ့ Shutter၊ 4BIA နဲ့ Phobia 2 ဇာတ်ကား တွေနဲ့လည်း အရင်က အောင်မြင်မှုတွေ ရခဲ့ပါတယ်။
Pee Mak ဇာတ်ကားဟာ စစ်ထွက်ပြီး ပြန်လာမယ့်ယောက်ျားကို မျှော်နေတဲ့ မိန်းမတစ်ယောက် ရဲ့ ဝိညာဉ်က သူမယောက်ျားကို သူမရဲ့ဘဝမှန်ကို ပြောပြတဲ့လူတိုင်းကို သတ်တဲ့ ထိုင်းဒဏ္ဍာရီ Mae Nak ကို ဇာတ်လမ်းကျောရိုးယူပြီး ရိုက်ထားတဲ့ ဇာတ်ကားတွေထဲက တစ်ကားဖြစ်ပါတယ်။
ဒါပေမဲ့ Pee Mak ဇာတ်ကားမှာတော့ ဇာတ်သိမ်းကို ပြောင်းထားပြီး ခင်ပွန်းသည်စစ်သားရဲ့ ရှုထောင့်အမြင်ကနေ ပြောင်းပြီး သရုပ်ဖော်ထားတာ ဖြစ်တယ်လို့ ဒါရိုက်တာပီဆန်သနခွန်က ဆိုပါတယ်။
"ဒီဇာတ်လမ်းဟာ အားလုံးနဲ့ရင်းနှီးပြီးသား ဖြစ်ပေမယ့်လည်း အချစ်ဇာတ်လမ်းက တော်တော် ကောင်း ပါတယ်။ လူသားယောက်ျားနဲ့ သေဆုံးပြီးသား ဇနီးသည်ရဲ့ ဆက်နွှယ်နေမှုကို ကျောရိုးယူ ထားတာမို့ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်" လို့ စင်ကာပူမှာ ပြုလုပ်တဲ့ မီဒီယာတွေ့ဆုံပွဲမှာ ထိုင်း ဒါရိုက်တာက သုံးသပ်သွားပါတယ်။

0 comments:
Post a Comment