Thursday, July 10, 2014

iPhone သူခိုးကို တားဆီးရာမှ ဆယ်ကျော်သက်တစ်ဦး သေဆုံး


အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာအန်နာမြို့တွင် အသက် ၁၅ နှစ်အရွယ် ရူဘီ ရူဘီယို ဆိုသူ မိန်းကလေး တစ်ဦးသည် ၎င်းထံမှ iPhone လုယူသူကို တားဆီးခဲ့သောကြောင့် အသက်ဆုံးရှုံးခဲ့ရသည်။

ရူဘီယိုသည် အသက် ၇ နှစ်အရွယ် သူမ၏ ညီမဖြစ်သူနှင့် ကျောင်းမှ အိမ်သို့ လမ်းလျှောက်ပြန်လာစဉ် လူတစ်ဦးက အချိန်ကိုမေးခဲ့ကြောင်း၊ ထို့နောက် သူမက iPhone ကို ထုတ်လိုက်စဉ် ၎င်းက လုယူပြီး အသင့်စောင့်နေသည့် ကားထံ ပြေးသွားခဲ့ကြောင်း၊ ရူဘီယိုက ကားနောက်ကို ပြေးလိုက်ပြီး ကားနောက်ဖုံးပေါ် ခုန်တက်ခဲ့ကြောင်း၊ ကားက ရုတ်တရက် ကွေ့လိုက်သည့်အခါ သူမက ကားပေါ်မှ ပြုတ်ကျခဲ့ကြောင်း ရဲအဖွဲ့က ပြောကြားခဲ့သည်။

ရူဘီယိုသည် ကားပေါ်မှ လမ်းပေါ်သို့ ခေါင်းဖြင့် ကျခဲ့ပြီး နှစ်ရက်အကြာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ခိုးယူခံရသည့် iPhone ကို သူမ၏ မိခင်ဖြစ်သူမှ လွန်ခဲ့သည့် တစ်ပတ်ခန့်က ဝယ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

iPhone ခိုးယူမှုများသည် မြို့အများအပြားတွင် ဒုစရိုက်မှုတစ်ခုအသွင် ဖြစ်ပေါ်လာနေပြီး ပြီးခဲ့သည့်နှစ်က နယူးယောက်မြို့တွင် ဖြစ်ပွားခဲ့သော ဒုစရိုက်မှု အားလုံး၏ ၁၄ ရာခိုင်နှုန်းသည် iPhone ခိုးယူမှုများ ဖြစ်ကြောင်း ဆိုသည်။

လတ်တလောတွင် Apple သည် iPhone ခိုးယူခံရမှု လျော့နည်းစေရန် အတွက် Activation Lock ကို မိတ်ဆက်ပေးထားပြီး၊ ၎င်း feature သည် iPhone သုံးစွဲသူ၏ Apple ID နှင့် password ကို ဖုန်း၏ တည်နေရာ ခြေရာခံခြင်းကို မပိတ်မီနှင့် lock ဖုန်းကို activate ပြန်မလုပ်မီ ထည့်သွင်းရန် လိုအပ်ကြောင်း သိရသည်။

Ref: CNET

0 comments:

Post a Comment