Friday, May 24, 2013

ဆိုင်ကယ်နှင့်ကား မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ ကားသမားမှ ထွက်ပြေးတိမ်းရှောင်

မေ ၂၄

မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်၊ ဘူတာလမ်းတွင် ယခုလ (၂၃) ရက်နေ့ ည (၁၂) နာရီအချိန်ခန့်က ဆိုင် ကယ်တစ်စီးလူနှစ်ယောက်နှင့် တိုယိုတာဖိုးဝီးဟိုင်းလတ်ယာဉ်တစ်စီးတို့ မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ ရာ တိုယိုတာကားမောင်းနင်းလာသူမှ ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရ သည်။
ဖြစ်စဉ်မှာ ယခုလ(၂၃) ရက်နေ့ည ၁၂ နာရီအချိန်ခန့်က အရာတော်မြို့၊ ကမ္ဘောဇရပ်ကွက်နေ ဓာတ်ပုံလုပ် ငန်းလုပ်ကိုင်သူ ကိုတင်မျိုး အသက် (၃၃)နှစ်၊ (ဘ) ဦးဆုကြိုင် ဆိုသူသည် အနက်ရောင် ၁၂၅ ဆိုင်ကယ်တစ်စီး ယာဉ်အမှတ် ၁၈ယ/ ၂၇၀၂၇ အား မုံရွာမြို့၊ ဆူးလေကုန်ရပ်ကွက်၊ ဘူတာလမ်းမကြီးအတိုင်း အရှေ့မှ အနောက် သို့ မောင်းနင်းလာပြီး ၎င်း ဆိုင်ကယ်၏နောက်မှ အရာတော်မြို့၊ ပိတောက်မြိုင် ရပ်ကွက်နေ ကိုသိန်းမြင့်ထွန်း အသက်(၂၆)နှစ်၊ (ဘ) ဦးလူဝင်း ဆိုသူက ထိုင်လျက်စီးနင်းလိုက်ပါခဲ့ရာ အဆိုပါ လမ်းမကြီးအတိုင်း အနောက်မှ အရှေ့သို့ တိုယိုတာဖိုးဝီး အပြာရောင် ဟိုင်းလတ်ယာဉ်တစ်စီးမောင်းနင်းလာခဲ့ရာမှ မျက်နှာချင်းဆိုင်ယာဉ်တိုက်မှု တစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
၎င်း မျက်နှာချင်းဆိုင် ယာဉ်တိုက်ခဲ့မှုကြောင့် ဆိုင်ကယ်စီးနင်းလာသူ ကိုတင်မျိုး ဆိုသူမှာ ၀ဲဘက်ဂျိုးစောင်း တွင် ပေါက်ပြဲဒဏ်ရာနှင့် ယာဘက်ခြေသလုံးကျိုးခဲ့ကြောင်း၊ ၎င်း ဆိုင်ကယ်နောက်တွင် ထိုင်၍ စီးနင်းလိုက်ပါသူ ကိုသိန်းမြင့်ထွန်း ဆိုသူမှာ ၀ဲယာ ပွန်းပဲ့သွေးထွက်ဒဏ်ရာများ ရရှိခဲ့သော်လည်း တိုယိုတာ ဟိုင်းလတ်ယာဉ်မောင်း သူမှာ အခင်းဖြစ်အရပ်မှ ကားအားထားလျက် ထွက်ပြေးတိမ်းရှောင်းသွားခဲ့ကြောင်း သက်ဆိုင်ရာ ယာဉ်ထိန်းရဲတပ် ဖွဲ့ဝင်များ၏ စစ်ဆေးပေါ်ပေါက်ချက်များအရ သိရသည်။
အဆိုပါ မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ မုံရွာအမှတ်( ၁ ) ရဲစခန်း ယာဉ်(ပ) ၅၉ / ၂၀၁၃ ပုဒ်မ ၃၃၇/ ၃၃၈ အရ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

0 comments:

Post a Comment