Tuesday, July 21, 2015

DKBA ခိုလှုံသည့် နေရာများတွင် တိုက်ခိုက်ရေးသုံး ပစ္စည်းများ သိမ်းဆည်းရမိ

တပ်မတော်နှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA တို့ တိုက်ပွဲဖြစ်နေစဉ်အတွင်း DKBA တပ်ဖွဲ့များ ခိုလှုံရာ နယ်မြေများအတွင်း လက်နက်မျိုးစုံနှင့်အတူ ကျည်မျိုးစုံ၊ မိုင်းမျိုးစုံ အပါအဝင် တိုက်ခိုက်ရေးတွင် အသုံးပြုသော ပစ္စည်းများ သိမ်းဆည်းရမိကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

DKBA အဖွဲ့များ ခိုအောင်းရာ နေရာကို နယ်မြေခံတပ်မတော်နှင့် နယ်ခြားစောင့်တပ် (BGF) အဖွဲ့တို့ ပူးပေါင်းကာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာမှ ကော့ကရိတ်မြို့နယ် ကောင်းမူကျေးရွာ၏ အရှေ့ဘက်နှင့် အရှေ့မြောက်ဘက် တောင်ကုန်းများတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်မျိုးစုံ ၄ လက်၊ ဗုံးသီးမျိုးစုံ ၂၆ လုံး၊ မိုင်းမျိုးစုံ ၃၂ လုံး၊ ကျည်မျိုးစုံ ၃၈၈၆ တောင့်၊ ကျည်အိမ်မျိုးစုံ ၈ ခု၊ ဆန် ၄၄ အိတ် အပါအဝင် ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများနှင့် ဆိုင်ကယ်တစ်စီး သိမ်းဆည်းရမိကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အလားတူ ကျိုက်မရောမြို့နယ် ကျွန်းရွာအနောက်ရပ်ကွက်ရှိ နေအိမ်တစ်ခုတွင်းမှ ဇူလိုင်လ ၁၅ ရက်နေ့တွင် လက်နက်မျိုးစုံ ၄ လက်၊ ကျည်မျိုးစုံ ၃၂ တောင့်၊ လမ်းလျှောက်စကားပြောစက် တစ်လုံး၊ လိုင်စင်မဲ့ မော်တော်ယာဉ်နှစ်စီးကို သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ထံမှ သိရှိရသည်။
ထို့အပြင် ဇူလိုင်လ ၁၈ ရက်နေ့တွင် တပ်မတော်နှင့် နယ်ခြားစောင့်တပ် ပူးပေါင်း၍ နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်ရာတွင် ကောင်းမူကျေးရွာ၏ အရှေ့မြောက်ဘက်တွင် ဗုံးသီးမျိုးစုံ ၆၆ လုံး၊ ဆက်သွယ်ရေး တာဝါတိုင် ၁ ခု၊ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြား ၅ ချပ်နှင့် သေနတ်မျိုးစုံ ၇ လက်၊ ကျည်အိမ်မျိုးစုံ ၁၃ ခု၊ မိုင်းမျိုးစုံ ၁၈ လုံး၊ ပခုံးထမ်းလောင်ချာ ဗုံးသီး ၂ လုံး၊ ၇ ဒသမ ၆၂ ကျည် ၁၈၀ တောင့်နှင့် ဆန်အိတ် ၇၀ တို့ကို ထပ်မံသိမ်းဆည်းရမိကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် တပ်မတော်နှင့် DKBA တို့ ဇူလိုင်လ ၂ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲများအတွင်း DKBA တပ်ဖွဲ့ဝင် ခုနှစ်ဦး၊ အလောင်းလေးလောင်း၊ လက်နက်မျိုးစုံ ၃၉ လက်၊ ကျည်မျိုးစုံ ၄၀၃၃ တောင့်၊ ဗုံးသီးမျိုးစုံ ၁၉၅ လုံး၊ မိုင်းမျိုးစုံ ၁၀၈ လုံးနှင့် မော်တော်ယာဉ် ၁၀ စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပိုင် မြဝတီသတင်းဌာနက ဇူလိုင်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။
Credit to >>>The Voice

0 comments:

Post a Comment