Tuesday, February 7, 2017

MICA သည် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ မူလရည်ရွယ်ချက်များနှင့် ကွဲလွဲစွာ ဆောင်ရွက်ခဲ့ခြင်းများကြောင့် ဖျက်သိမ်းသင့်ကြောင်းနှင့် ဥပဒေနှင့်အညီ စစ်ဆေးမှုများ ပြုလုပ်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး

နိုင်ငံတော်၏ သားငါးကဏ္ဍ တိုးတက်ရန်နှင့် စားနပ်ရိက္ခာ ဖူလုံစေရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့သည့်  MICA သည် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ မူလရည်ရွယ်ချက်များနှင့် ကွဲလွဲစွာ ဆောင်ရွက်ခဲ့ခြင်းများကြောင့် ဖျက်သိမ်းသင့်ကြောင်းနှင့် ဥပဒေနှင့်အညီ စစ်ဆေးမှုများ ပြုလုပ်သင့်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးသည်။

ဖေဖော်ဝါရီ ၆ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၇) မှ နော်ခရစ္စထွန်း (ခ) ဒေါက်တာ အားကာမိုး တင်သွင်းခဲ့သည့် နိုင်ငံတော်၏ သားငါးကဏ္ဍ တိုးတက်ရန်နှင့် စားနပ်ရိက္ခာ ဖူလုံရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားသည်ဆိုသော (Myanmar International Cooperation Agency) သည် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးပြုမှုမရှိဘဲ လူတစ်စုမှ လက်ဝါးကြီးအုပ် ခြယ်လှယ် လုပ်ကိုင် ဆောင်ရွက်ခဲ့ခြင်းကြောင့် အဆိုပါ MICA အဖွဲ့ကို ဖျက်သိမ်းပြီးလျှင် ပြည်ထောင်စုအစိုးရအဖွဲ့၏ တရားဝင် ခွင့်ပြုမိန့်မရရှိဘဲ ဆောင်ရွက်ခဲ့သည့် သိမ်းဆည်းရယူထားသော စက်ရုံများ၊ လုပ်ငန်းများ၊ မြေယာများကို မည်သို့စီမံထားကြောင်းနှင့် ရရှိခဲ့သည့် ငွေကြေးစီမံခန့်ခွဲထားမှုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ပွင့်လင်းမြင်သာစွာ ရှင်းလင်းဖော်ထုတ်ပေးရန် တိုက်တွန်းကြောင်း အဆိုအား လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦး က ဆွေးနွေးမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၆ ရက် တွင် လွှတ်တော်ကိုယ်စားလှယ် ရှစ်ဦးက ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၆) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းက “ MICA နဲ့ပတ်သက်တဲ့ အထောက်အထား အချက်အလက် ရှာဖွေရတာ အင်မတန်မှ ခက်ခဲပါတယ်။ အဲဒီအချက်အရလည်း MICA ဟာ ပွင့်လင်းမြင်သာမှုမရှိဘူးဆိုတာ သိသာပါတယ်။ အဆိုရှင်တင်ခဲ့တဲ့အတိုင်း ဖျက်သိမ်းသင့်ပါတယ်။ MICA အဖွဲ့ကို ၂၀၁၂ ခုနှစ်ကတည်းက တည်ထောင်ခဲ့ပေမယ့် ၂၀၁၄ ကျမှ တရားဝင် အသိအမှတ် ပြုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံပိုင်မြေတွေ၊ အဆောက်အအုံတွေကိုချုပ်ကိုင်ပြီး တရားမ၀င် စီးပွားရေးတွေ လုပ်ခဲ့တယ်ဆိုတဲ့ အချက်ကလည်း ပေါ်ပေါက်လာပါတယ်။ အဲတော့ MICA ဟာ ဘယ်လိုအဖွဲ့အစည်းလဲ၊ ဘာတွေဆောင်ရွက်ခဲ့လဲ၊ ဘာတွေ ဆောင်ရွက်နေလဲ၊ ပိုင်ဆိုင်မှုတွေက ဘာတွေလဲ၊ အဲဒီပိုင်ဆိုင်မှုတွေက ရရှိတဲ့ အကျိုးအမြတ်တွေကို ဘယ်နေရာမှာ သုံးစွဲလဲ။ စတဲ့မေးခွန်းတွေဟာ ဆက်တိုက်ပေါ်ပေါက်လာပါတယ်။ အဲဒါတွေအပြင် အစိုးရ အပြောင်းအလဲမဖြစ်ခင် လပိုင်းအလိုမှာပဲ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ MICA ဟာ ငါးဖမ်းရေယာဉ် ၈၉ စင်း အသစ်တည် ဆောက်ခွင့်နဲ့ နိုင်ငံခြားမှ တင်သွင်းခွင့်ပါမစ်တွေကို ရုတ်တရက် ထုတ်ပြန်ခဲ့ပါတယ်။ MICA ဟာ ဥပဒေနဲ့ညီညွတ်စွာ မလုပ်ဆောင်နိုင်ခဲ့ဘူးဆိုတာ ထင်ရှားနေပါတယ်။ ဒါကြောင့် အဆိုရှင် တင်ပြတဲ့အတိုင်း ဖျက်သိမ်းသင့်ပါတယ်” ဟု ဆွေးနွေးသည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၇) မှ ဦးခင်မောင်ဝင်းက MICA အဖွဲ့အနေဖြင့် မူလရည်မှန်းချက်များနှင့် ကွဲလွဲစွာလုပ်ဆောင်ခဲ့ကြောင်း၊ အိုးအိမ်၊ ဆောက်လုပ်ရေး လုပ်ငန်းများ၊ ဆိပ်ကမ်း၊ ဆီဆိုင်၊ Shooping Mall စသည့်လုပ်ငန်းများကို ပြောင်းလဲလုပ်ကိုင်ခဲ့ကြောင်း၊ ထို့အတွက် သားငါးကဏ္ဍ မှေးမှိန် ပျောက်ကွယ်သကဲ့သို့ စားနပ်ရိက္ခာ ဖြည့်တင်းရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ စသည့် အခက်အခဲများဖြစ်ပေါ်လာကြောင်း၊ ယခင်က အသားထုတ်လုပ်ရေးလုပ်ငန်းသည် အောင်မြင်ခဲ့ကြောင်း၊ ပြည်ပသို့ပင် တင်ပို့နိုင်ခဲ့ကြောင်း၊ ယင်းအဖွဲ့ပေါ်လာပြီး နောက်ပိုင်းတွင် မှေးမှိန်သွားကြောင်း၊ ထို့ပြင် ရငွေစာရင်း မည်မျှရှိသည်ကို ပွင့်လင်းမြင်သာမှု မရှိခဲ့ကြောင်း၊ မည်သည့် စာရင်းမျှစစ်သည်ကို မသိရကြောင်း၊ ထို့အတွက် အဆိုအား ထောက်ခံကြောင်း ဆွေးနွေးသည်။
ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အ မှတ် (၃) မှ ဦးဆန်းမြင့်က “ MICA အဖွဲ့ရဲ့ လုပ်ငန်းအမြတ်ရယ်၊ မြေငှားရမ်းခတွေ ဘယ်လောက် ရတယ်ဆိုတာ ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။ စာရင်းစစ်ဆေးခြင်း ရှိ မရှိကိုလည်း မသိရပါဘူး။ ပွင့်လင်းမြင်သာမှုလည်း မရှိပါဘူး။ ပုဂ္ဂလိကထံကိုလည်း မြေငှားရမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဖျက်သိမ်းသင့်ပါတယ်” ဟု ဆွေးနွေးသည်။
တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၂) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မျိုးဝင်းက “ MICA အဖွဲ့၏ ပိုင်ဆိုင်မှုတွေကို ဥပဒေနဲ့အညီ စစ်ဆေးခြင်းတွေ ပြုလုပ်သင့်ပါတယ်။ ပြန်လည်ဖော်ထုတ်ပြီး စစ်ဆေးသင့်ပါတယ်။ အဆိုရှင် တင်ပြခဲ့တဲ့အတိုင်း MICA အဖွဲ့ကို ဖျက်သိမ်းသင့်ပါတယ်” ဟု ဆွေးနွေးသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment