Tuesday, February 7, 2017

တာမွေမြို့နယ် မလွှကုန်းဌေးကြွယ် (က) ရပ်ကွက်ရှိ ရေသန့်စက်နှင့် အပိုပစ္စည်းရောင်းဝယ်ရေး ဆိုင်တစ်ဆိုင် ဒုတိယအကြိမ် ဖောက်ထွင်းခံရ

တာမွေမြို့နယ် မလွှကုန်းဌေးကြွယ် (က) ရပ်ကွက်ရှိ ရေသန့်စက်နှင့် အပိုပစ္စည်း ရောင်းဝယ်ရေးဆိုင် တစ်ဆိုင်မှာ ဒုတိယအကြိမ် ဖောက်ထွင်းခိုးယူခံရမှု ဖေဖော်ဝါရီ ၆ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

တာမွေမြို့နယ် မလွှကုန်းဌေးကြွယ်ရပ်ကွက်၊ သမာဒိဌိလမ်းရှိ Royal Star ရေသန့်စက်နှင့် အပိုပစ္စည်း ရောင်းဝယ်ရေးဆိုင်၏ မန်နေဂျာကို..... (၃၈ နှစ်) သည် ဖေဖော်ဝါရီ ၅ ရက် ညပိုင်းတွင် ၎င်းနေထိုင်သည့် အဆိုပါဆိုင်၌ အိပ်ယာဝင်ခဲ့ကြောင်း သိရသည်။


ဖေဖော်ဝါရီ ၆ ရက် နံနက်တွင် အိပ်ယာမှ နိုးသည့်အခါ ၎င်းဘေးတွင်ထားရှိသည့် iPhone တစ်လုံး၊ Samsung အမျိုးအစား tablet တစ်လုံးနှင့် ကျပ်သုံးသိန်းကျော်ခန့် ထည့်ထားသည့် ပိုက်ဆံအိတ်တို့မှာ ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

“ဆိုင်မှာတပ်ဆင်ထားတဲ့ CCTV တွေကို ပြန်လည်စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးတော့ အဲဒီနေ့ နံနက်နှစ်နာရီမှာ ဆိုင်ရဲ့နောက်ဘက် သံပန်းတံခါးကနေ လူငယ်တစ်ဦးဝင်လာပြီး ပထမ သူဆိုင်ထဲကို ပတ်ရှာသေးတယ်။ တစ်ခြား လွယ်လွယ်ယူစရာပစ္စည်း မတွေ့တော့ ကျွန်တော်အိပ်တဲ့ ထပ်ခိုးပေါ်ကို တက်လာပြီး ပိုက်ဆံအိတ်နဲ့ အခြားပစ္စည်းတွေကို ယူဆောင်သွားတာပါ။ သူက ဦးထုပ်ကို ခပ်အုပ်အုပ် ဆောင်းထားတော့ မျက်နှာကိုတော့ သေချာ မမြင်ရပါဘူး” ဟု မန်နေဂျာကို.....(၃၈ နှစ်) က ပြောကြားသည်။

အဆိုပါဆိုင်မှာ ယခုဖြစ်စဉ်နှင့်ဆိုလျှင် ဖောက်ထွင်းခံရသည်မှာ နှစ်ကြိမ်ရှိပြီဖြစ်ပြီး ပထမအကြိမ်မှာ ယခုနှစ် ဇန်န၀ါရီလဆန်းပိုင်းက ဖောက်ထွင်းခိုးယူခံခဲ့ရကြောင်း ဆိုင်ရှင်၏ ပြောကြားချက်အရ သိရသည်။

“ပထမအကြိမ်က ဇန်န၀ါရီလထဲမှာ ဖြစ်ခဲ့တာပါ။ အဲဒီတုန်းက ပိုက်ဆံကလည်း နည်းနည်းပဲပါသွားတော့ အမှုဖွင့်တာတွေဘာတွေ မလုပ်ခဲ့ပါဘူး။ အခုအကြိမ်မှာတော့ တာမွေရဲစခန်းကို သွားတိုင်မှာပါ။ ဒီရပ်ကွက်ထဲမှာက မကြာခဏဆိုသလို ခိုးမှုတွေဖြစ်တယ်။ လုံခြုံမှုမရှိသလို ခံစားရတယ်” ဟု ဆိုင်မန်နေဂျာက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ယင်းရပ်ကွက် အုပ်ချုပ်ရေးမှူးက ယခုဖြစ်စဉ်မှာ တစ်ဦးထဲ ကျူးလွန်ခြင်း ဖြစ်သည်ဟု မယူဆကြောင်း၊ အဘယ်ကြောင့်ဆိုသော သံပန်းတံခါးမှာ တစ်ဦးထဲဖွင့်နိုင်သည့် အနေအထား မရှိသဖြင့် နှစ်ဦးသို့မဟုတ် သုံးဦးကျူးလွန်ခြင်း ဖြစ်သည်ဟု ယူဆရကြောင်းနှင့် ယခုကဲ့သို့ ဖြစ်စဉ်များ ဖြစ်ပေါ်နေမှုမှာ အရေးယူမှု အားနည်းခြင်းကြောင့်ဟု ထင်မြင်ကြောင်း ဆိုသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ တာမွေမြို့မရဲစခန်းမှ တာဝန်ရှိသူများက အဆိုပါ ရေသန့်စက်နှင့် အပိုပစ္စည်း အရောင်းဆိုင်ကို လာရောက်စစ်ဆေးခဲ့ကြောင်း သိရပြီး အမှုဖွင့်အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment