Monday, February 6, 2017

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဇန်န၀ါရီလကုန်ပိုင်းအထိ ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၂ ဒသမ ၄ ဘီလျံ ရရှိထားပြီး ယခင်နှစ် ကာလတူထက် ၁ ဒသမ ၁ ဘီလျံကျော် လျော့နည်း

၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ် ဇန်န၀ါရီလကုန်ပိုင်းအထိ ပြည်ပသို့ သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလျံ ရရှိထားကြောင်းနှင့် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁ ဒသမ ၁ ဘီလျံကျော် လျော့နည်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ကာလတူက ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလျံ ရရှိခဲ့ကြောင်း သိရသည်။


မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်များ၏ ရာခိုင်နှုန်း ၆၀ ခန့်မှ သဘာဝဓာတ်ငွေ့တင်ပို့ မှုမှ ရရှိနေခြင်းဖြစ်ကြောင်း၊ သို့သော်လည်း ကမ္ဘာ့ဈေးကွက်အတွင်း သဘာဝဓာတ်ငွေ့ ဈေးနှုန်းများ ကျဆင်းနေကြောင်း၊ ယင်းကြောင့် မြန်မာ့အဓိကပို့ကုန်ထဲတွင် ပါဝင်သည့် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ရငွေအပေါ် ထိခိုက်နိုင်ကြောင်း ကမ္ဘာ့ဘဏ်မှ အကြီးတန်းဘောဂဗေဒပညာရှင် Mr.Habib Rab က ပြောကြားသည်။

“မြန်မာနိုင်ငံရဲ့ Export မှာ ရာခိုင်နှုန်း ၆၀ က သဘာဝဓာတ်ငွေ့က ရတာ။ အဲဒီအတွက် ကမ္ဘာ့တစ်ဝန်းမှာ Commodity ဈေးတွေ ကျသွားတာနဲ့ ပတ်သက်ရင် ထိခိုက်မှုရှိနိုင်ပါတယ်။ သဘာဝဓာတ်ငွေ့က အများကြီး ပြန်ထုတ်လာတာ တွေ့ရတယ်။ ဒါပေမဲ့ ဈေးနှုန်းကြောင့် တန်ဖိုးက ကျသွားတယ်”ဟု Mr.Habib Rab က ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့တင်ပို့မှု အနေဖြင့် ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ သဘာဝဓာတ်ငွေ့များအား၂၀၁၄ ခုနှစ်မှစ၍ တရုတ်နိုင်ငံသို့ တင်ပို့နေခြင်း ဖြစ်သည်။

ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းအား TOTAL ကုမ္ပဏီမှ ရှာဖွေထုတ်ယူနေပြီး ထိုင်းနိုင်ငံသို့ တင်ပို့နေခြင်း ဖြစ်သည်။ ၂၀၁၄ ခုနှစ်အတွင်းက ရရှိသော စာရင်းများအရ စုစုပေါင်းထွက်ရှိမှု ပမာဏ တစ်ရက်လျှင် ကုဗပေသန်းပေါင်း ၉၁၀ ရှိပြီး ထိုင်းနိုင်ငံသို့ တစ်ရက်လျှင် ကုဗပေ ၇၁၁ သန်း တင်ပို့နေပြီး ကုဗပေသန်းပေါင်း ၁၁၉ သန်းကို ပြည်တွင်းသုံးစွဲရန်အတွက် ပေးထားကြောင်း ယင်းလုပ်ကွက်အား ၁၉၈၂ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် စတင်ထုတ်ယူခဲ့ကြောင်း သိရသည်။

ထို့အတူ တနင်္သာရီကမ်းလွန်တွင်ရှိသော ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်အား ၁၉၉၂ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ၂၀၀၀ ပြည့်နှစ်၌ စတင်ထုတ်ယူခဲ့ကြောင်း၊ ယင်းသဘာဝဓာတ်ငွေ့သိုက်မှ တစ်နေ့လျှင် ကုဗပေသန်းပေါင်း ၃၃၀ တင်ပို့နေကြောင်း၊ ရဲတံခွန်မှ ပြည်တွင်းသုံးစွဲမှုအတွက် ရယူထားခြင်း မတွေ့ရကြောင်း၊ အလားတူ ဇောတိက သဘာဝဓာတ်ငွေ့သိုက်အား ၁၉၉၇ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်မှ စတင်တင်ပို့ခဲ့ကြောင်း၊ ယင်းသဘာဝဓာတ်ငွေ့စီမံကိန်းမှ ထုတ်လုပ်မှု ကုဗပေသန်းပေါင်း ၃၅၃ သန်း ထုတ်လုပ်ပြီး ထိုင်းနိုင်ငံသို့ ကုဗပေ ၂၇၉ သန်း တင်ပို့နေပြီး ပြည်တွင်းသုံးအတွက် ကုဗပေ ၆၄ သန်း ရရှိထားကြောင်း သိရသည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment