Thursday, February 16, 2017

ပြည်ပနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ရာကျသည့် စုံစမ်းစစ်ဆေးမှုများကို လက်ခံခြင်း မပြုရေးအား ခိုင်မာစွာ ရပ်တည်သွားရန် အစိုးရအား ပြည်ခိုင်ဖြိုးပါတီ တိုက်တွန်း



ပြည်ပနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ အနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ရာကျသည့် စုံစမ်းစစ်ဆေးမှုများကို လက်ခံခြင်း မပြုရေးအား ခိုင်မာစွာ ရပ်တည်သွားရန် အစိုးရအား တိုက်တွန်းကြောင်း ကြေညာချက်တစ်စောင်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဖေဖော်ဝါရီ ၁၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

ရှေးဦးစွာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ တရားဥပဒေစိုးမိုးရေးနှင့် နယ်စပ်လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် နယ်ခြားစောင့်ရဲကင်းစခန်း သုံးခုအား ပြည်ပနိုင်ငံများရှိ အဖွဲ့အစည်းများက ထောက်ပံ့ အားပေးထားသည့် အကြမ်းဖက်အဖွဲ့ဝင်များနှင့် ယင်းအဖွဲ့မှ လေ့ကျင့်ပေးထားသူ အကြမ်းဖက်သမားများက စနစ်တကျ ကြိုတင်စီစဉ်မှုများ ပြုလုပ်ခဲ့ပြီး တစ်ပြိုင်နက်တည်း အကြမ်းဖက်တိုက်ခိုက်ခဲ့သည့်အတွက် တပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံးကာ လက်နက်ခဲယမ်း အများအပြားဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ထိုသို့အကြမ်းဖက်တိုက်ခိုက်မှုသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို အတိအလင်း ချိုးဖောက်ထိပါးလျက် နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်ရေး၊ အေးချမ်းသာယာရေးကို များစွာထိခိုက်ခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ကျူးလွန်သူများကို တရားဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူနိုင်ရန် နယ်မြေရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းဆောင်ရွက်မှုများသည် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု၏ အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်တစ်ရပ်ကို ထမ်းဆောင်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စသာဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။

ဆက်လက်၍ မကြာမီရက်ပိုင်းအတွင်းက ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှ အစီရင်ခံစာ (Flash Report) တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ယင်းအစီရင်ခံစာတွင် မြန်မာနိုင်ငံအတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်များ ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကြီးမားသော လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်နေသည့်အတွက် နိုင်ငံတကာစုံစမ်းရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းစုံစမ်းသွားရေး အပါအ၀င် ပြင်းထန်သော အသုံးအနှုန်းများဖြင့် ပြစ်တင်ဝေဖန်မှုများ ပြုလုပ်ခဲ့ကြောင်းနှင့် အစီရင်ခံစာရေးသားရာတွင် အချက်အလက်များကို မြန်မာနိုင်ငံပြင်ပ၌ မေးမြန်းချက်အား ဖော်ပြလျက် သိမ်းကျုံးလွှမ်းခြုံစွပ်စွဲမှုများ ပြုလုပ်ပုံဖော်ခဲ့ကြောင်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ထို့ပြင် ဖြစ်စဉ်များ စတင်ဖြစ်ပွားခဲ့သည့် အချိန်မှစပြီး ပြည်ပအကြမ်းဖက် အဖွဲ့အစည်းများ ကျောထောက်နောက်ခံပြု၍ အကြမ်းဖက်တိုက်ခိုက်မှုများမှာ ဘင်္ဂါလီအကြမ်းဖက်သမားများဖြစ်သည်ကို အစိုးရအနေဖြင့် ပြတ်ပြတ်သားသား ထုတ်ဖော်ကြေညာခဲ့ခြင်း မရှိခဲ့သည့်အတွက် မိမိ၏ ပြည်တွင်းရေးကိစ္စအား နိုင်ငံတကာမှ ပါဝင်စွက်ဖက် ဖိအားပေးမှုများ ပေါ်ပေါက်လာသည်ကို တွေ့ရှိရကြောင်း၊ ပြစ်မှုကျူးလွန်သူ အကြမ်းဖက်သမားများကို တရားဥပဒေနှင့်အညီ စစ်ဆေးဖော်ထုတ် ပြစ်ဒဏ်ချမှတ်သွားရမည်ဖြစ်ပြီး မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ကာကွယ်တားဆီးရေးအတွက် ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေများနှင့်အညီ ပြတ်ပြတ်သားသား အရေးယူသွားသင့်ကြောင်းနှင့် အကြမ်းဖက် တိုက်ခိုက်သူများနှင့် အဖွဲ့အစည်းများကိုလည်း အကြမ်းဖက်အဖွဲ့များအဖြစ် ပြတ်ပြတ်သားသား ကြေညာသွားရန် လိုအပ်ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် လူ့အခွင့်အရေး ချိုးဖောက်သည်ဆိုသော စွပ်စွဲချက်များနှင့် ပတ်သက်၍ ပြည်တွင်း၌လည်း စုံစမ်းစစ်ဆေးရေးအဖွဲ့ အသီးသီးကို ဖွဲ့စည်းဆောင်ရွက်နေပြီဖြစ်ရာ ပြည်ပနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ရာ ကျသည့် စုံစမ်းစစ်ဆေးမှုများကို လက်ခံခြင်း မပြုရေးကိုလည်း ခိုင်မာစွာ ရပ်တည်သွားရန် အစိုးရအား တိုက်တွန်းကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ထုတ်ပြန်ကြေညာခဲ့သည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment