Thursday, February 16, 2017

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး အဓိက လမ်းကြောင်းဖြစ်သည့် မန္တလေး-လားရှိုး-မူဆယ် လမ်းမအား လမ်းကြောင်းသစ် ရှာဖွေနေပြီး လေးလမ်းသွား အမြန်လမ်းမကြီးအဖြစ် ဆောင်ရွက်မည်


မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး အဓိက လမ်းကြောင်းဖြစ်သည့် မန္တလေး-လားရှိုး-မူဆယ် လမ်းမသည် စီးပွားရေးစင်္ကြံ လမ်းမကြီး ဖြစ်သည့်အတွက် နောက်ထပ်လမ်းကြောင်းသစ် ရှာဖွေနေပြီး လေးလမ်းသွား အမြန်လမ်းမကြီးအဖြစ် ဆောင်ရွက်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

ဖေဖော်ဝါရီ ၁၄ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဦးက မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး အဓိကလမ်းကြောင်းဖြစ်သော မန္တလေး-မူဆယ် ကားလမ်းမကြီးသည် လမ်းကြောင်းကျပ်ခြင်း၊ ဆိုးဆိုးရွားရွား လမ်းပိတ်ဆို့ခြင်းများ မကြာခဏ ဖြစ်ပွားခြင်းကြောင့် ယခုလမ်းထက် ခရီးမိုင်ပို၍ သက်သာတိုတောင်းပြီး စိတ်ချလုံခြုံ အန္တရာယ်ကင်းစွာ သွားလာအသုံးပြုနိုင်သော လမ်းကြောင်းအသစ်တစ်ခု ဖောက်လုပ်ပေးရန် အစီအစဉ် ရှိမရှိ မေးမြန်းခဲ့သည်။


အဆိုပါ မေးမြန်းမှုအား ပြည်ထောင်စုဝန်ကြီးက “မန္တလေး-လားရှိုး-မူဆယ် လမ်းမကြီးဟာ မဟာဗျူဟာကျတဲ့ စီးပွားရေးစင်္ကြံ လမ်းမကြီး ဖြစ်တဲ့အတွက် ရေရှည်လုပ်ငန်းတစ်ခု အနေဖြင့် နောက်ထပ်လမ်းကြောင်းသစ် တစ်ခုကို ပဏာမ စူးစမ်းရှာဖွေ ဆောင်ရွက်လျက် ရှိပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ လမ်းကြောင်းတွေကို လေးလမ်းသွား အမြန်လမ်းမကြီး အဆင့်အနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံလိုသူ စိတ်ပါဝင်စားသူ လုပ်ငန်းရှင်တွေနဲ့ အကျိုးတူ ပူးပေါင်းကာ B.O.T စနစ်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

မန္တလေး-လားရှိုး-မူဆယ်လမ်းမကြီးသည် ပြည်ထောင်စုအစိုးရ အဖွဲ့က စီမံခန့်ခွဲသော လမ်းဖြစ်ကြောင်း၊ Oriental Highway Co,Ltd မှ B.O.T စနစ်ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ယာဉ်ကြောပိတ်ဆို့မှု မကြာခဏ ဖြစ်ပွားလျက်ရှိသော ပြင်ဦးလွင်-လားရှိုး အပိုင်း၏ မိုင် ၈၄/၇-၈၈/၁ အတွင်း ဂုတ်တွင်းလမ်းပိုင်းသည် ယာဉ်သွားလာမှုများခြင်း၊ ဖြတ်သန်းသွားလာသော မော်တော်ယာဉ်များ၏ ကြံ့ခိုင်မှုအား နည်းခြင်း၊ ကုန်တင်ယာဉ်မောင်း အချို့၏ ကျွမ်းကျင်မှု အားနည်းခြင်းတို့ကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း၊ အတက်အဆင်း လမ်းပိုင်းများတွင် ပြေပြစ်စွာ သွားလာနိုင်ရေးအတွက် လမ်းကွေ့များတွင် နိုင်လွန်ကတ္တရာခင်းခြင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် လမ်းပြင်ဆင် ထိန်းသိမ်းခြင်း အဖွဲ့တို့ ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဂုတ်တွင်းလမ်းပိုင်းတွင် ယာဉ်ကြောပိတ်ဆို့မှုအား ဖြေရှင်းနိုင်ရန်အတွက် နောင်ချိုမြို့ ရှောင်ကွင်းလမ်းနှင့် ဂုတ်တွင်းတံတားအသစ် ၂၈၅၅ ပေအား ဆောင်ရွက်ရန် တိုင်းတာ တွက်ချက်လျက်ရှိကြောင်း၊ လုပ်ငန်းပြီးစီးပါက ပြင်ဦးလွင်-လားရှိုးလမ်းပိုင်းတွင် ယာဉ်ကြော ပိတ်ဆို့မှု မရှိတော့ဘဲ သွားလာနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

မန္တလေး-လားရှိုး-မူဆယ်လမ်းမကြီးအား B.O.T စနစ်ဖြင့် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် Oriental High Way Co,Ltd က ၄၈ ပေအကျယ် လေးလမ်းသွား ကတ္တရာလမ်းချဲ့ခြင်းနှင့် နိုင်လွန်ကတ္တရာခင်းခြင်း လုပ်ငန်းများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အပြီး ဆောင်ရွက်သွားရန် စီမံချက်ရေးဆွဲ လျာထားကြောင်း၊ လားရှိုး-မူဆယ် လမ်းပိုင်းတွင် ယာဉ်ကြောပိတ်ဆို့မှု အများဆုံး ဖြစ်ပွားသည့် ကွတ်ခိုင်-နမ့်ဖက်ကာ လမ်းပိုင်းတွင် လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီး ၂၀၁၇ မိုးရာသီ မတိုင်မီတွင် ပြီးစီးအောင် ဆောင်ရွက်နေကြောင်း၊ ၄၈ ပေအကျယ် လေးလမ်းသွား နိုင်လွန်ကတ္တရာခင်းခြင်း လုပ်ငန်းကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းပြီးစီးပါက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကုန်တွင် ယာဉ်ကြောပိတ်ဆို့မှုများ လျော့ပါးသွားပြီး နယ်စပ်ကုန်သွယ်ရေးအတွက် ကုန်စည်စီးဆင်းမှု ပိုမိုအဆင်ပြေလာမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment