Friday, February 17, 2017

သီလ၀ါ အထူးစီးပွားရေးဇုန်အနီး မြေဧက ၁၃၀ ခန့်တွင် တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာများ ဖော်ထုတ်မည် ဖြစ်ပြီး ပထမအဆင့် မြေ ၃၁ ဧကတွင် တန်ဖိုးနည်း အိမ်ခန်းပေါင်း ၁၇၀၀ ကျော် စတင်တည်ဆောက်မည်

ရန်ကုန်တိုင်းဒေသကြီး၊ သီလ၀ါအထူး စီးပွားရေးဇုန်အနီး မြေဧက ၁၃၀ ခန့်တွင် တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာများ ဖော်ထုတ်သွားမည်ဖြစ်ကြောင်းနှင့် ပထမအဆင့် အနေဖြင့် မြေ ၃၁ ဧကတွင် တန်ဖိုးနည်းအိမ်ခန်းပေါင်း ၁၇၀၀ ကျော်ကို စတင် တည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သိရသည်။

အဆိုပါ တန်ဖိုးနည်းအိမ်ရာစီမံကိန်းတွင် လေးခန်းတွဲ ငါးထပ်တိုက် ၁၂ လုံးမှ အခန်းပေါင်း ၂၄၀၊ ၈ ခန်းတွဲ ငါးထပ်တိုက် ၁၉ လုံးမှ အခန်း ၇၆၀၊ ၆ ခန်းတွဲ ငါးထပ်တိုက် ၂၄ လုံးမှ အခန်း ၇၂၀ ရရှိမည်ဖြစ်ကာ အခန်း စုစုပေါင်း ၁၇၂၀ ရရှိမည်ဖြစ်ကြောင်း သိရသည်။


“ အားလုံးပေါင်း ၁၇၂၀ ပေါ့။ အဲဒါကို မြေ ဧက ၃၁ ဧကပေါ်မှာ ဆောက်မယ်။ အခု ဆောက်မှာက Phase - 1 တန်ဖိုးနည်းအိမ်ရာ ဖြစ်ပါတယ်။ Phase- 2 ကျရင် တန်ဖိုးအလတ်တွေ လာမယ်” ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၊ အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ပြောကြားသည်။

သီလ၀ါအထူးစီးပွားရေးဇုန်အနီးတွင တည်ဆောက်မည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းအတွက် ဆောက်လုပ်ရေးကုမ္ပဏီ ၁၄ ခုကို တင်ဒါရွေးချယ်ထားကြောင်းနှင့် လာမည့် မတ်လအတွင်း တည်ဆောက်ရေးလုပ်ငန်းများ စတင်တော့မည်ဖြစ်ကြောင်း သိရသည်။

“ဒီစီမံကိန်းမှာ လမ်း၊ ရေမြောင်းအပြည့် အစုံနဲ့ နေထိုင်မှုပတ်ဝန်းကျင်ကောင်းအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကွန်ကရစ်လမ်းတွေ၊ ရေမြောင်းတွေ၊ လျှပ်စစ်မီးတွေ စနစ်တကျဆောင်ရွက်နိုင်ဖို့ မြေအသုံးချမှုက ၄၀ ရာခိုင်နှုန်း သုံးထားတယ်။ လူနေ အဆောက်အအုံဆောက်တဲ့ မြေအသုံးချမှုက ၄၂ ရာခိုင်နှုန်း၊ ပန်းခြံ စသဖြင့် အများသုံး ဧရိယာက ၁၈ ရာခိုင်နှုန်းရှိမှာ ဖြစ်ပါတယ်” ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ဆိုသည်။

အဆိုပါစီမံကိန်းတွင် လူဦးရေသိပ်သည်းမှု အနေဖြင့် မြေတစ်ဧကလျှင် လူဦးရေ ၂၈၀ နေထိုင်နိုင်ရေး ပုံစံရေးဆွဲထားကြောင်း၊ စီမံကိန်းတွင် အခန်းပေါင်း ၁၇၂၀ ပါဝင်သည့် အတွက် တစ်ခန်းလျှင် ပျမ်းမျှအားဖြင့် လေးဦးမှ ငါးဦးနှုန်းဖြင့် လူဦးရေ ၆၈၈၀ နေထိုင် နိုင်ရေး ရေးဆွဲထားသည့် အိမ်ရာစီမံကိန်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတည်ဆောက်လျက်ရှိသည့် တန်ဖိုးနည်းအိမ်ရာများကို ကျပ်သိန်း ၁၀၀ ၀န်း ကျင်ဖြင့် အခြေခံပြည်သူများ ၀ယ်ယူနိုင်စွမ်း ရှိစေရေးအတွက် အခန်းအကျယ်အ၀န်း စတုရန်းပေ ၄၀၀ ကို အခြေခံစံထားကာ တည်ဆောက်လျက်ရှိကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သိရသည်။

“တိုက်ခန်းတန်ဖိုးကို သိန်း ၁၀၀ ၀န်းကျင်ဖြစ်အောင်တော့ စဉ်းစား အကောင်အထည် ဖော်တာပေါ့။ ကျွန်တော်တို့လူမျိုးတွေရဲ့ နေထိုင်မှု ဓလေ့အရ ၆၀၀ စတုရန်းပေ ထားပြီး အထက်ကိုလုပ်ခဲ့တာ။ ၆၅၀၊ ၈၀၀၊ ၉၀၀ စသဖြင့်အမျိုးမျိုး တည်ဆောက်ခဲ့ပါတယ်။ ဒီဘက်ပိုင်းမှာတော့ အခြေခံပြည်သူတွေ ၀ယ်ယူနိုင်စွမ်း ရှိအောင်လို့ သိန်း ၁၀၀ ၀န်းကျင်ဖြစ်အောင် လုပ်ဖို့ကျတော့ အခန်းအကျယ်အ၀န်းကို အနည်းငယ် ကျဉ်းလိုက်ရတာပေါ့လေ။ အခုတော့ ၄၀၀ စတုရန်းပေကို အခြေခံ စံထားလိုက်တာပေါ့” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောကြားခဲ့သည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment