Friday, February 17, 2017

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ၏ အရေးယူမှုမှာ ပြင်းထန်ကြောင်း အပါအ၀င် ဆက်သွယ်ရေးဥပဒေ၏ အားနည်းချက်များကို ရေးသားထားသော အစီရင်ခံစာ လွှတ်တော်ကော်မတီငါးခုထံ ပေးပို့

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ၏ အရေးယူမှုမှာ ပြင်းထန်ကြောင်း အပါအ၀င် ဆက်သွယ်ရေးဥပဒေ၏ အားနည်းချက်များကို ရေးသားထားသော အစီရင်ခံစာအား လွှတ်တော်ကော်မတီ ငါးခုထံ ဖေဖော်ဝါရီ ၁၅ ရက်က ပေးပို့ခဲ့ကြောင်း ဆက်သွယ်ရေး ဥပဒေဆိုင်ရာ သုတေသနအဖွဲ့မှ မောင်ဆောင်းခက ပြောကြားသည်။

အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ကော်မတီ၊ နိုင်ငံသားများ၏ မူလအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ကော်မတီတို့ထံ လက်ရောက် ပေးပို့ခြင်းဖြစ်ပြီး ကော်မတီအသီးသီးမှ တာဝန်ရှိသူများနှင့်လည်း ဆက်သွယ်ရေး ဥပဒေအကြောင်း ဆွေးနွေးခဲ့သည်ဟု မောင်ဆောင်းခက ဆက်လက် ပြောကြားသည်။


“ဥပဒေကြမ်းကော်မတီက ဦးဇော်မင်း ဥက္ကဋ္ဌကိုယ်တိုင်လာတယ်။ ကျန်တဲ့ကော်မတီတွေကတော့ ကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ်တွေ လာကြပါတယ်။ သူတို့တွေအနေနဲ့က ဆက်သွယ်ရေးဥဒေကို ဖျက်သိမ်းဖို့က လုံးဝမဖြစ်နိုင်ဘူး။ ပြင်ဆင်ဖို့အတွက် လုပ်သွားမယ်လို့ ပြောတယ်။ အဲဒီကော်မတီ ငါးခုစလုံးရဲ့ လက်ထဲကို ကျွန်တော်တို့ အစီရင်ခံစာကို ပေးလိုက်နိုင်ပါတယ်။ အတတ်နိုင်ဆုံးနဲ့ အမြန်ဆုံး ဆက်သွယ်ရေး ဥပဒေကို ပြင်ဖို့အတွက် ကျွန်တော်တို့ကလည်း တွန်းအားပေးဖို့ လုပ်တာပါ။ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ က နိုင်ငံရေးကိစ္စတင် မဟုတ်ဘူး။ ပြည်သူတွေ အချင်းချင်းပါ စီးပွားရေးအရ တိုက်ခိုက်ချင်ရင် သုံးလာတာမျိုးတွေ ရှိလာတယ်။ သူတို့ (ကော်မတီတွေ) ပြောတာကတော့ အဘက်ဘက်ကနေ မျှစဉ်းစားရမယ်လို့ ပြောတယ်။ သေချာတာကတော့ ဆက်သွယ်ရေး ဥပဒေကို ဖျက်လို့မရဘူး။ ပြင်ဆင်ဖို့တော့ လုပ်ရမယ် ပြောပါတယ်” ဟု မောင်ဆောင်းခက ပြောကြားသည်။

အစီရင်ခံစာတွင် ဥပဒေပိုင်းဆိုင်ရာ သုံးသပ်ချက်၊ နည်းပညာပိုင်းဆိုင်ရာ သုံးသပ်ချက်၊ ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်လိုသည့် ပုဒ်မလိုက်ဇယား၊ ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲခံရသူစာရင်းဟူ၍ အပိုင်းလေးပိုင်းရှိသည်။ ယင်းအစီရင်ခံစာအရ ဇန်န၀ါရီလ ဒုတိယပတ်အထိ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားရုံးတင်ပြီး တရားစွဲဆိုမှု စုစုပေါင်း ၄၉ မှုအထိ ရှိလာပြီဖြစ်သည်ဟု သိရသည်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ တွင် ပါဝင်သော ပုဒ်မခွဲ (ဂ) ပါ ပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ရာဇသတ်ကြီး ဥပဒေဖြင့်သာ အရေးယူ ဆောင်ရွက်ရမည်ဟူသော အချက်အပါအ၀င် ယင်းဥပဒေ၏ ပုဒ်မလေးခုကို ပြင်ဆင်ပယ်ဖျက်မှုများ ပြုလုပ်သင့်ကြောင်း အဆိုပါ အစီရင်ခံစာက အကြံပြုထားသည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment