Thursday, December 15, 2016

KIA၊ MNDAA၊ TNLA၊ AA အဖွဲ့တို့အား ရှမ်းပြည်နယ် လွှတ်တော်တွင် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခြင်းကို ကန့်ကွက်ကြောင်း ‘၀’အဖွဲ့ထုတ်ပြန်

KIA၊ MNDAA၊ TNLA၊ AA အဖွဲ့တို့အား ရှမ်းပြည်နယ် လွှတ်တော်တွင် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခြင်းကို ကန့်ကွက်ကြောင်း ‘၀’ သွေးစည်းညီညွတ်ရေးပါတီ ဗဟိုကော်မတီက ဒီဇင်ဘာ ၁၂ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်သည်။

“၀”အဖွဲ့၏ ထုတ်ပြန်မှုတွင် မြန်မာနိုင်ငံအထူးဒေသ ၂၊ “၀”ပြည်နယ်ပြည်သူ့အစိုးရဟု သုံးနှုန်းထားပြီး အခြားအရေးအသားများတွင်လည်း “၀”ပြည်နယ်ဟု သုံးနှုန်းထားကာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်မူ “၀”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဟုသာ ဖော်ပြထားသည်။


အဆိုပါကြေညာချက်တွင် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၇ ရက်က ရှမ်းပြည်နယ် လွှတ်တော်၌ အဓိကအားဖြင့် တပ်မတော်ကိုယ်စားလှယ်မှ တင်သွင်းသော KIA၊ MNDAA၊ TNLA၊ AA တို့အား အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ရန် လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦး အစည်းအဝေး ပျက်ကွက်သော အခြေအနေမျိုးတွင် ထောက်ခံမဲ ၆၃ မဲ၊ ကန့်ကွက်မဲ ၄၅ မဲ၊ ကြားနေမဲ ခုနစ်မဲ၏ သာလွန်မှု အနည်းငယ်သာရှိသော မဲအရေအတွက်ဖြင့် အတင်းအတည်ပြုခဲ့သည်ဟု ကြားသိရကြောင်း၊ အထက်ဖော်ပြပါ တိုင်းရင်းသားအဖွဲ့အစည်း လေးဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခြင်းကို “၀”ပြည်နယ်မှ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ရေးသားထားသည်။

ထို့ပြင် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ယင်းအဆိုပြုချက်ကို ပယ်ချခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါ တပ်မတော်အနေဖြင့် ပြည်ထောင်စုလွှတ်တော်၏ ပယ်ချဆုံးဖြတ်ခြင်းကို မထောက်ထားဘဲ ရှမ်းပြည်နယ် လွှတ်တော်တွင် ယင်းအဆိုကို တစ်ဖန်တင်သွင်းပြီး အတင်းအတည်ပြုခဲ့ကြောင်း၊ ဤအပြုအမူသည် ပြည်ထောင်စု၏ ဥပဒေစနစ်ကို အလွန်အမင်း ရှုပ်ထွေးစေခြင်း၊ ပြည်ထောင်စု အလုပ်အမှုဆောင် ရှုပ်ထွေးစေခြင်း၊ တိုင်းရင်းသားအချင်းချင်းကြား စည်းလုံးညီညွတ်မှုနှင့် ယုံကြည်မှုများ ဆိုးရွားစွာ ပျက်စီးစေပြီး ပြည်ထောင်စုကို ပိုမိုပျက်ပြားအောင် ပြုလုပ်ခြင်းသည် အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးကို ကြိုးပမ်းအားထုတ်နေသော ပြည်ထောင်စုအစိုးရအား လုံးဝအကျိုးသက်ရောက်မှု မဖြစ်စေနိုင်ကြောင်း “၀”အဖွဲ့၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“၀”အဖွဲ့၏ ထုတ်ပြန်ချက်တွင် ရှမ်းပြည်နယ်လွှတ်တော်တွင် ယင်းအဆိုအား တင်သွင်းခဲ့သူမှာ တပ်မတော်ကိုယ်စားလှယ်ဟု ရေးသားထားသော်လည်း အမှန်တကယ် အဆိုတင်သွင်းခဲ့သူမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် လားရှိုးမဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သူ ဖြစ်သည်။ သို့ရာတွင် အဆိုရှင်ဦးအောင်သူမှာ ယခင်သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးရာထူးအား ဗိုလ်မှူးကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ထို့အတူ “၀”အဖွဲ့၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ နှစ်ကာလရှည်ကြာသော ပြည်တွင်းစစ်၏ အကြောင်းရင်းမြစ်မှာ တိုင်းရင်းသားတို့၏ ရသင့်ရထိုက်သော နိုင်ငံရေးအခွင့်အရေးများ၊ တန်းတူညီမျှ ဆက်ဆံမှုမရှိခြင်းနှင့် ထိရောက်သော အာမခံချက်မရှိခြင်းတို့ကြောင့် တိုင်းရင်းသားများအနေဖြင့် မတတ်သာ၍ ကာလရှည်ကြာ ခုခံတိုက်ခိုက်ရခြင်း ဖြစ်ကြောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း တပ်မတော်အပါအ၀င် ဘက်ပေါင်းစုံတို့သည် အတိတ်ရန်ငြိုးများကို စွန့်ပစ်သင့်ပြီး ရိုးသားသော သဘောထားဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးကို အားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုသဘောထားကို ထောက်ခံရန်နှင့် နိုင်ငံရေးဆွေးနွေးညှိနှိုင်းသော နည်းလမ်းမှတစ်ဆင့် မျက်မှောက် ပိုမိုပြင်းထန်လာသော တိုင်းရင်းသား ပဋိပက္ခများကို ပြေငြိမ်းသော လက်ရှိပြည်တွင်းစစ် ဖြေရှင်းရန် မှန်ကန်သော ထွက်ပေါက်ဖြစ်သည်ဟု “၀”ပြည်နယ်မှ ထင်မြင်မိကြောင်း ဖော်ပြထားသည်။

“၀”ပြည်နယ်အနေဖြင့် ရှမ်းပြည်နယ် လွှတ်တော်မှ ၎င်းအဆိုပြုချက်ကို ဖျက်သိမ်းပြီး အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးအတွက် တရားမျှတမှုမရှိသော ဥပဒေ အတားအဆီးအသစ်များ နောက်ထပ်မဖန်တီးရန် ပြင်းထန်စွာ တောင်းဆိုကြောင်း၊ ပဋိပက္ခဖြစ်ပွားသော အဘက်ဘက်တို့သည် မိမိတို့စိတ်ဆန္ဒကို ချုပ်တည်းပြီး ပြည်တွင်းစစ် ရှုပ်ထွေးစေခြင်း တိုးချဲ့စေခြင်းနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း၏ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုကို ထိခိုက်စေသည့် နည်းလမ်းများကို မကျင့်သုံးရန် တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ “၀”ပြည်နယ်အနေဖြင့် ၎င်းအဆိုပြုချက်ကို ထောက်ခံမဲပေးသော တပ်မတော်နှင့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်များ၏ အပြုအမူအပေါ် လုံးဝနားမလည်နိုင်ကြောင်း၊ နှစ်ပေါင်း ၇၀ နီးပါး ပြည်တွင်းစစ်မီးမှ သင်ခန်းစာမရသေးသလော၊ မိမိတို့၏အကျိုးအတွက် ရှမ်းပြည်နယ် လွှတ်တော်ကို ခုတုံးလုပ်ပြီး ဤအဖွဲ့အစည်း လေးဖွဲ့တို့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အတင်းသတ်မှတ်ခြင်းသည် ပြဿနာ ကို ငြိမ်းချမ်းစွာဖြေရှင်းခြင်းမဟုတ်ဘဲ အမှန်တရားပဋိပက္ခ၊ ဆန့်ကျင်မှုများကိုသာ ဖန်တီးနေခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားများအား မုန်းတီးမှုနှင့် ရန်ငြိုးများထားရှိပြီး ၎င်းတို့၏ တရားမှန်ကန်သော တောင်းဆိုမှုများကို တစ်ချိန်လုံး လက်နက်ကိုင်အင်အားဖြင့် ခြိမ်းခြောက် ဖိအားပေးသော နည်းလမ်းကို ကျင့်သုံးမည်ဆိုပါက မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်သည် ထာဝရရပ်စဲနိုင်မည် မဟုတ်ကြောင်း၊ ပြည်တွင်းစစ်သည် ဤအကြိမ်ဆုံးဖြတ်မှုကြောင့် ထာဝရဆက်လက် ရှည်ကြာသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment