Thursday, December 15, 2016

EMG ၏ မုံရွာအခြေစိုက် သတင်းထောက် အသတ်ခံရခြင်းကို ရှုတ်ချကြောင်းနှင့် အမြန်ဆုံးဖော်ထုတ် အရေးယူပေးရန် မြန်မာအာဏာပိုင်များအား CPJ တောင်းဆို

Eleven Media Group ၏ မုံရွာအခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရခြင်းကို ရှုတ်ချကြောင်းနှင့် အမှုကို အမြန်ဆုံး ဖော်ထုတ်အရေးယူပေးရန် မြန်မာအာဏာပိုင်များအား စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (Committee to Protect Journalist-CPJ) က ဒီဇင်ဘာ ၁၃ ရက်တွင် တောင်းဆိုလိုက်ကြောင်း သိရသည်။

Eleven Media Group ၏ မုံရွာအခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်းသည် ဒီဇင်ဘာ ၁၃ ရက် နံနက် ၀၀ နာရီ မိနစ်၂၀ တွင် မုံရွာမြို့ အောင်ချမ်းသာရပ်ကွက် ပြည်ထောင်စုလမ်း နံဘေးတွင် ဦးခေါင်းထိပ် ကွဲပြဲဒဏ်ရာ နှစ်ချက်၊ ၀ဲမျက်ခုံးကွဲပြဲဒဏ်ရာ တစ်ချက်၊ မျက်နှာဖူးရောင်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် မှောက်လျက် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။


အဆိုပါဖြစ်စဉ်ကို မုံရွာမြို့မရဲစခန်းတွင် အမှုကြီး (လူသတ်မှု) အမှတ်စဉ် ၁၀/၂၀၁၆ (ပ) ၁၅၆၄ ။၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

CPJ ၏ အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်းကိုယ်စားလှယ် Shawn Crispin က သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရခြင်းကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ပြောကြားသည်။

“သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရတာကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ရှုတ်ချသလို မြန်မာအာဏာပိုင်တွေအနေနဲ့လည်း အမှုကို ဖော်ထုတ်ဖို့နဲ့ ကျူးလွန်သူတွေကို ပြစ်ဒဏ်ချမှတ်နိုင်ဖို့ လုပ်ဆောင်နိုင်တာ အားလုံးကို ဆောင်ရွက်ဖို့ တောင်းဆိုပါတယ်”ဟု Shawn Crispin က ပြောကြားသည်။

ဆက်လက်ပြီး Shawn Crispin က “ပြစ်ဒဏ်ကျူးလွန်သူတွေ အရေးယူမခံရတဲ့ အလေ့အထက မြန်မာနိုင်ငံမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပါတယ်။ မြန်မာအာဏာပိုင်တွေ အနေနဲ့ ဒီအမှုကို အမြန်ဆုံး ဖော်ထုတ် အရေးယူခြင်းအားဖြင့် မီဒီယာသမားတွေကို သတ်ဖြတ်မှု သံသရာကို ချိုးဖျက်သင့်ပါတယ်” ဟု ပြောကြားသည်။ CPJ ၏ မှတ်တမ်းများအရ ၁၉၉၉ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတွင် အသတ်ခံရသည့် ဂျာနယ်လစ် လေးဦးရှိခဲ့ကြောင်း သိရသည်။

Eleven Media Group ၏ မုံရွာသတင်းထောက် ကိုစိုးမိုးထွန်းသည် မုံရွာမြို့ပေါ်တွင် ဖြစ်ပျက်နေသည့် သတင်းများ၊ နယ်မြေသတင်းများ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသတင်းများ အစရှိသည့် နယ်မြေအတွင်း ဖြစ်ပျက်လျက်ရှိသည့် သတင်းများအား အမှန်အတိုင်း ဖော်ထုတ်ရေးသားလျက်ရှိသည့် သတင်းထောက် တစ်ဦးလည်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် သတင်းထောက် ကိုစိုးမိုးထွန်းမှာ မည်သူနှင့်မျှ ရန်ငြိုးရန်စ မရှိကြောင်းလည်း စုံစမ်းသိရှိရသည်။

ကိုစိုးမိုးထွန်း အသတ်ခံရမှုနှင့် ပတ်သက်၍ လိုအပ်သော ဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့အနေဖြင့်လည်း ဖြစ်စဉ်ကို အမြန်ဆုံး စုံစမ်းစစ်ဆေး ဖော်ထုတ်ပေးရန် အလေးအနက် တောင်းဆိုကြောင်းEleven Media Group က သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် Eleven Media Group ၏ မုံရွာအခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရခြင်းနှင့် ပတ်သက်ပြီး မြန်မာဂျာနယ်လစ်ကွန်ရက်၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက်၊ မြေလတ်ဒေသ သတင်းထောက်များကွန်ရက် အစရှိသည့် ပြည်တွင်းဂျာနယ်လစ် အဖွဲ့အစည်းများက ကြေညာချက်များ ထုတ်ပြန်ထားပြီး အမှုမှန် အမြန်ဆုံးပေါ်ပေါက်အောင် ဆောင်ရွက်ပေးရန် တိုက်တွန်းထားကြသည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment