Thursday, November 19, 2015

အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးပွဲ၌ သြဇာလွှမ်းမိုးမှု ရရှိရန် အမေရိကန်နှင့် တရုတ်တို့ အပြိုင်ကြိုးပမ်း


အာရှ-ပစိဖိတ် ခေါင်းဆောင်များသည် နိုဝင်ဘာ ၁၈ ရက်တွင် ထိပ်သီးဆွေးနွေးပွဲ တစ်ရပ်၌ တွေ့ဆုံမည်ဖြစ်ပြီး တောင်တရုတ် ပင်လယ်တွင် နယ်မြေအငြင်းပွားမှုအတွက် တင်းမာမှုများ ဖြစ်ပေါ်နေသော်လည်း
ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ကြိုးပမ်းမည်ဖြစ်သည်။

နှစ်ရက်ကြာ ပြုလုပ်မည့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ထိပ်သီး ဆွေးနွေးပွဲသို့ အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့် တရုတ်သမ္မတ ရှီကျင်ပင်းတို့ အပါအ၀င် ဒေသတွင်း ခေါင်းဆောင်များ တက်ရောက်မည် ဖြစ်သည်။

နိုင်ငံပေါင်း ၂၁ နိုင်ငံပါဝင်သည့် APEC ထိပ်သီးဆွေးနွေးပွဲသည် ကုန်သွယ်ရေး မြှင့်တင်ရန်အတွက် နှစ်စဉ်ကျင်းပခြင်း ဖြစ်သော်လည်း ယခုနှစ်တွင် ကမ္ဘာ့အရေးကြီးဆုံး ရေကြောင်းလမ်းများ ပါဝင်နေသည့် တောင်တရုတ်ပင်လယ် ကိစ္စကသာ ကြိုတင်လွှမ်းမိုး နေရာယူထားသည်။

ယခု APEC ထိပ်သီး ဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသော ဖိလစ်ပိုင်နိုင်ငံ အပါအ၀င် ဒေသတွင်းရှိ ပိုမိုသေးငယ်သော နိုင်ငံများသည် တရုတ်က မဟာဗျူဟာမြောက် ရေကြောင်းလမ်းများကို အပိုင်စီးမှုနှင့် ပတ်သက်၍ အပြင်းအထန် အငြင်းပွားလျက်ရှိသည်။

တရုတ်သည် ပိုင်ဆိုင်မှု အငြင်းပွားနေသော သန္တာကျောက်တန်းများနှင့် ကျွန်းငယ်များပေါ်တွင် တည်ဆောက်မှုများ ပြုလုပ်နေပြီး အာရှနိုင်ငံ များစွာတို့က အမေရိကန်၏ ကူညီထောက်ခံမှုကို မျှော်လင့်နေကြသည်။  ယင်းမျှော်လင့်ချက်ကို နိုဝင်ဘာ ၁၇ ရက်တွင် အမေရိကန်က အာမခံခဲ့သည်။ အမေရိကန် သမ္မတ ဘာရက်အိုဘားမားသည် မနီလာမြို့သို့ ရောက်ရှိလာပြီးနောက် သူ၏အရှေ့တောင်အာရှ မဟာမိတ်များအား ရေကြောင်းဆိုင်ရာ ထောက်ပံ့ကူညီမှုအဖြစ် အမေရိကန်ဒေါ်လာ သန်း ၂၅၀ ကျော် ပေးမည်ဟု ကြေညာခဲ့သည်။ ၎င်းအပြင် တရုတ်၏ ဝေဖန်မှုကို အခံရဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သော ဖိလစ်ပိုင်နိုင်ငံ၏ စစ်သင်္ဘောတစ်စင်း ၀ယ်ယူရန် ကမ်းလှမ်းမှုကို လက်ခံခဲ့သည်။

ထို့ကြောင့် နိုဝင်ဘာ ၁၈ ရက်တွင် တရုတ်နိုင်ငံပိုင် မီဒီယာက အမေရိကန်ကို ပြင်းထန်စွာ ဝေဖန်ခဲ့ပြီး အမေရိကန်သည် တောင်တရုတ်ပင်လယ်ကိစ္စ၌ ၀င်ရောက်ခြေရှုပ်နေသည်ဟု ဖော်ပြခဲ့သည်။

“အမေရိကန် အစိုးရရဲ့ မကြာသေးမီက ရန်စတဲ့ လုပ်ရပ်တွေက တရုတ်ရဲ့ ရေပိုင်နက် အချုပ်အခြာနဲ့ တောင်တရုတ်ပင်လယ် အတွင်းက လုံခြုံရေးကို ချိုးဖောက်ခဲ့ပါတယ်” ဟု China Daily သတင်းစာက မှတ်ချက်ရေးသားခဲ့သည်။

“ဒါပေမဲ့ တရုတ်နိုင်ငံဟာ သူ့ရဲ့နယ်မြေ ပိုင်ဆိုင်မှုဆိုင်ရာ၊ ရေကြောင်းဆိုင်ရာနဲ့ လုံခြုံရေးဆိုင်ရာ အကျိုးစီးပွားနဲ့ ပတ်သက်လာရင် အလျှော့ပေးမယ့်နိုင်ငံ မဟုတ်ပါဘူး။ တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်ရဲ့ ရေကြောင်းဆိုင်ရာ အခွင့်အလမ်းကို စိန်ခေါ်ဖို့ အာဆီယံနိုင်ငံတွေကို သွေးထိုးဖို့ အစီအစဉ်တွေမှာ အမေရိကန် အနေနဲ့ အောင်မြင်မှုရမှာ မဟုတ်ပါဘူး” ဟုလည်း  အဆိုပါသတင်းစာက ရေးသားခဲ့သည်။

APEC အဖွဲ့ဝင်နိုင်ငံများသည် ကမ္ဘာ့စီးပွားရေး ထွက်ရှိမှု၏ ထက်ဝက်ကျော်ရှိပြီး အာရှစီးပွားရေးကို ဦးဆောင်ရန် လိုလားနေသော တရုတ်နိုင်ငံ စီးပွားရေး ကြီးထွားလာမှုကြောင့် ကမ္ဘာ့ကုန်သွယ်မှု၏ ထက်ဝက်ခန့်နီးပါး ရှိကြောင်း သိရသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment