Monday, December 5, 2016

ချင်းပြည်နယ်နှင့် ချင်းတောင်ခြေဒေသတွင် အအေးဓာတ်ပိုလာပြီး မြို့နယ်အချို့၌ အပူချိန် သုညဒီဂရီအောက် စတင်ရောက်ရှိ

ချင်းပြည်နယ်နှင့် ချင်းတောင်ခြေဒေသများ၌ ဆောင်းဦးရာသီတွင်ပင် အအေးဓာတ်ပိုလာပြီး ဟားခါးမြို့နယ်တွင် ညအပူချိန်သည် သုည ဒီဂရီစင်တီဂရိတ်အောက်သို့ စတင် ရောက်ရှိနေကြောင်း သိရသည်။

"မြူကတော့ ကျနေပါပြီ။ နေ့တိုင်းတော့ မကျဘူးပေါ့။ အပူချိန်ကတော့ နိုဝင်ဘာ ၂၁ ရက်က အနုတ် တစ်ဒီဂရီစင်တီဂရိတ်အထိ ရှိခဲ့ပါတယ်။ တခြားနေ့တွေက သုညဒီဂရီ စင်တီဂရိတ်နဲ့ တစ်ဒီဂရီစင်တီဂရိတ် ၀န်းကျင်အထိတော့ ဖြစ်တယ်။ ဟားခါးရဲ့ အအေးဆုံးလတွေက ဒီဇင်ဘာ၊ ဇန်န၀ါရီ၊ ဖေဖော်ဝါရီပေါ့။ အပူချိန်ကတော့ လအလိုက် အနိမ့်ဆုံးဖြစ်ခဲ့ဖူးတာ ရှိတာပေါ့။ လအလိုက် ပြောမယ်ဆိုရင်တော့ နိုဝင်ဘာလမှာ အနုတ် ၃ ဒသမ ၈ ဒီဂရီစင်တီဂရိတ် အထိ ရှိခဲ့ဖူးတယ်။ စံချိန်တော့ မကျိုးသေးပါဘူး။ တခြားလတွေဆိုရင် စံချိန်တင် အပူချိန်က အနုတ် ၆ ဒီဂရီ စင်တီဂရိတ်အထိ ကျခဲ့ဖူးတယ်။ ချင်းပြည်နယ်မှာ အပူချိန် သုညအောက်ရောက်တာ ပုံမှန်ဖြစ်နေကျပဲလေ" ဟု ချင်းပြည်နယ် မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။


"အခုမှ ဆောင်းရာသီအစ ဆိုပေမယ့် ခုတစ်လော တော်တော်အေးလာပြီ။ မနှစ်ကထက်တောင် ပိုအေးတယ်လို့ ပြောရမယ်။ မွန်းလွဲပိုင်း နေပူတဲ့အချိန်လောက်ပဲ နေလို့ထိုင်လို့ ကောင်းတယ်။ ညပိုင်းနဲ့ နံနက်ပိုင်းမှာတော့ အအေးဒဏ်က သိသိသာသာ ပိုအေးလာတယ်။ ပုံမှန်အအေးဆုံး အချိန်က ဇန်န၀ါရီလောက်မှာ ဖြစ်တတ်တော့ အဲဒီအချိန်ကျရင် ဒီထက်ပိုအေးလိမ့်မယ်" ဟု ဟားခါးမြို့ ပြည်တော်သာရပ်ကွက်၌ နေထိုင်သူ ကိုထောင်းပီးက ဆိုသည်။

"ထန်တလန်ကတော့ ခုလောလောဆယ် နေလို့ထိုင်လို့ကောင်းပြီး အအေးပေါ့နေသေးတယ်။ ဟားခါးဘက်တော့ တော်တော်အေးနေပြီ ကြားရတယ်။ ရာသီဥတု အခြေအနေက ဟားခါးနဲ့ယှဉ်ရင် ထန်တလန်က ပိုနွေးပါတယ်" ဟု ထန်တလန်မြို့ခံ ကိုအေးမောစ်က ပြောကြားသည်။

ချင်းတောင်ခြေ ဒေသများ ဖြစ်သည့် ကလေး၊ တမူးနှင့် ကလေးဝမြို့တို့တွင်လည်း ဆောင်းရာသီပီသလာသည့် အအေးဓာတ် ပိုမိုသိသာလာပြီး နံနက်ပိုင်းတွင် မြူနှင်းများ ကျဆင်းမှုများ ရှိနေပြီဟု သိရပြီး ပုံမှန်အအေးဓာတ်သာရှိကြောင်း သိရသည်။


Credit To >>> Eleven Media Group

0 comments:

Post a Comment