Monday, December 19, 2016

ဒေါ်လာဝယ်ပြီးမရောင်းသော ငွေလဲကောင်တာနှင့် ဘဏ်များကို အရေးယူမည်ဟုဆို

ဒေါ်လာဈေးတက်နေ ချိန်တွင် ၀ယ်ယူပြီး မရောင်းသော ဘဏ်များကို ထိရောက်ပြင်းထန်စွာ အရေးယူရန် စီစဉ်နေ ကြောင်း သတင်းရရှိသည်။

နိုင်ငံခြားငွေအရောင်းအဝယ် လုပ်သည့် ငွေလဲကောင်တာများ နှင့် ဘဏ်များသည် သတ်မှတ် ဈေးနှုန်းအတိုင်း အရောင်းအဝယ် ပြုလုပ်ရမည်ဖြစ်ပြီး ယခုအချိန် တွင် အဝယ်သာလက်ခံပြီး အရောင်းမလုပ်သော ငွေလဲကောင်တာနှင့်ဘဏ်များကို တိုင်ကြားမှုများ များပြားလာသဖြင့် ထိရောက်ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်နိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း ဗဟိုဘဏ်နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ပြောကြားသည်။

‘‘ ဒီငွေလဲကောင်တာတွေ လိုက်နာမှုမရှိတာကို ဗဟိုဘဏ် က ခေါ်ယူသတိပေးတာ၊ လက် မှတ်ထိုးတာတွေရှိတယ်။ ဒီထက် ဆိုးလာရင်တော့ ထိရောက်ပြင်း ထန်တဲ့ ဒဏ်ကြေးချမှတ်ဖို့လုပ်နေတယ်။ ဒါထက်များလာရင် လိုင်စင်ပိတ်သိမ်းဖို့ လုပ်နေပါတယ်’’ဟု ၎င်းက ဆက်လက် ပြောသည်။

ဒေါ်လာဈေးဆက်တိုက်တက်လာပြီးနောက် ပြည်တွင်းဘဏ်များနှင့် ငွေလဲကောင်တာအချို့တွင် အမေရိကန်ဒေါ်လာကို အဝယ်သာလက်ခံပြီး ပြန်လည်ရောင်းချခြင်း မပြုသဖြင့် နိုင်ငံခြားထွက်ရန် ဒေါ်လာလိုအပ်သူများ အခက်အခဲဖြစ်နေသည်။

‘‘အခုက မ၀ယ်ဘူး။ မ ရောင်းဘူးဆိုလို့ ပြဿနာဖြစ်လာ ရင် ခေါ်သတိပေးတာလောက်ပဲ လုပ်တာပဲရှိပါတယ်။ အခုတော့ လွှတ်တော်ဘဏ်နဲ့ ငွေရေးကြေး ရေးကော်မတီနဲ့ တွေ့ပြီးပြီ။ ဒဏ် ကြေးရိုက်ဖို့လုပ်နေပါတယ်။ ဒဏ် ကြေးပေးပြီးရင် သတိပေးယာယီ ရပ်ဆိုင်းပေါ့။ အမှန်အတိုင်းပြော ရရင် အရေးယူတဲ့အပိုင်းက တော် တော်လေးအားနည်းပါတယ်။ အ ခုလိုအကျပ်အတည်းဖြစ်နေချိန် မှာ အရေးမယူချင်လို့ လျှော့လျှော့ ပေါ့ပေါ့လုပ်နေတာကို သူတို့ ဘက်က လွန်ကဲတာပါ’’ဟု ဦးဝင်းသော်ကပြောသည်။

‘‘ငွေလဲကောင်တာတွေမှာ ဒေါ်လာလဲချင်လို့ သွားပြောတာ မရောင်းခိုင်းလို့ မရောင်းနိုင်ဘူး လို့ပြောတယ်။ ရောင်းစရာမရှိဘူး လို့ပြောရအောင်လည်း ကျွန် တော့်အရှေ့မှာ တစ်ယောက်က လာရောင်းသွားတာ တွေ့တယ်။ ဒီလို လုပ်နေတာ တော်တော် လည်း ဒုက္ခရောက်ပါတယ်’’ဟု ဒီဇင်ဘာ ၁၄ ရက်တွင် ဒေါ်လာ ဝယ်ယူရန် စီစဉ်ခဲ့သူ ကိုကျော် လင်းက ပြောသည်။

ပြင်ပငွေဈေးကွက်၌သာ ဒေါ်လာ အရောင်းအဝယ်ဖြစ်ပြီး ငွေလဲကောင်တာများတွင် အရောင်းအဝယ်မဖြစ်၍ ရပ်ထားရခြင်းဖြစ်ပြီး တမင်ပြန်လည်မရောင်းချခြင်း မဟုတ်ကြောင်း ငွေလဲ လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၁၆ ရက်၌ ငွေလဲ နှုန်း ပြင်ပဈေးကွက်တွင် အမေရိ ကန် တစ်ဒေါ်လာလျှင် ၁,၄၄၀ ကျပ်ကျော်ပြီး အမြင့်ဆုံးစံချိန်တင် ခဲ့ကာ ဗဟိုဘဏ်ရည်ညွှန်းဈေးမှာ ၁,၃၆၅ ကျပ် ဖြစ်သည်။ ပြင်ပ ပေါက်ဈေးသည် ဗဟိုဘဏ်ရည် ညွှန်းဈေးထက် ၇၅ ကျပ်ခန့်ပိုများ နေကြောင်း ငွေကြေးဈေးကွက်မှ သတင်းရရှိသည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment