Thursday, December 8, 2016

ရင်းနှီးမြှုပ်နှံမှု မြှင့်တင်မည့်ဇုန်နှင့် ကဏ္ဍများသည် တိုင်းဒေသကြီး၊ ပြည်နယ်ကို အခြေမခံဘဲ မြို့နယ်များကို အခြေခံပြီး ဦးစားပေးမြှင့်တင်မည်



မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်အရ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်မည့် ဇုန် - ၁၊ ဇုန် - ၂ နှင့် ဇုန် - ၃သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များကို အခြေမခံဘဲ မြို့နယ်များကို အခြေခံကာ ဦးစားပေး မြှင့်တင်သွားမည်ဖြစ်ပြီး အဆိုပါဇုန်များနှင့် ပတ်သက်ပြီး ၂၀၁၇ ခုနှစ် ဇန်န၀ါရီလအတွင်း ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၆ ရက်က ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနရုံးတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်အရ ၀င်ငွေခွန် ကင်းလွတ်ခွင့်နှင့် ပတ်သက်၍ ဖွံ့ဖြိုးမှုနည်းပါးသော ဒေသများအား ဇုန် (၁) အဖြစ်လည်းကောင်း၊ ဖွံ့ဖြိုးမှုအသင့်အတင့်ရှိသော ဒေသများအား ဇုန် (၂) အဖြစ်လည်းကောင်း၊ ဖွံ့ဖြိုးမှုရှိသောဒေသများအား ဇုန် (၃) အဖြစ်လည်းကောင်း၊ အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ကော်မရှင်က အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ကာ ဇုန် (၁) အတွင်း ရင်းနှီးမြှုပ်နှံသူများအား စီးပွားဖြစ် စတင်သောနှစ် အပါအ၀င် တစ်ဆက်တည်း ခုနစ်နှစ်အထိ လည်းကောင်း၊ ဇုန် (၂) အတွင်း ရင်းနှီးမြှုပ်နှံသူများအား စီးပွားဖြစ် စတင်သောနှစ် အပါအ၀င် တစ်ဆက်တည်း ငါးနှစ်အထိ လည်းကောင်း၊ ဇုန် (၃) အတွင်း ရင်းနှီးမြှုပ်နှံသူများအား စီးပွားဖြစ်စတင်သော နှစ်အပါအ၀င် တစ်ဆက်တည်း သုံးနှစ်အထိ လည်းကောင်း ၀င်ငွေခွန်ကင်းလွတ်ခွင့် ပြုနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
“ဇုန်နဲ့ပတ်သက်ပြီး တရားဝင် မထုတ်ပြန်ရသေးပါဘူး။ ဇုန် - ၁ က ခုနစ်နှစ်ပေးမယ်၊ ဇုန် - ၂ က ငါးနှစ်၊ ဇုန် - ၃ က သုံးနှစ်ပါ။ အဲဒီလိုပေးဖို့ ကိစ္စကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ သဘောထားမှတ်ချက်ကို ရယူထားပါတယ်။ တိုင်းဒေသကြီး၊ ပြည်နယ်က သူတို့တိုင်းဒေသကြီး၊ ပြည်နယ်မှာ ဘယ်မြို့နယ်ကို ဇုန် - ၁ ထားချင်လဲ၊ ဘယ်မြို့နယ်ကို ဇုန် - ၂ ထားချင်လဲ၊ ဘယ်မြို့နယ်ကို ဇုန် - ၃ ထားချင်လဲပေါ့။ ဒါတွေက တိုင်းဒေသကြီး၊ ပြည်နယ်တွေရဲ့ သဘောထားအပေါ် အခြေခံပြီးတော့ MIC က စဉ်းစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။
“အကြောင်းညီညွတ်ရင် ဇန်န၀ါရီလထဲမှာ ဘယ်မြို့နယ်တွေက ဘယ်ဇုန်ထဲမှာ ပါတယ်ဆိုတာပေါ့။ ကျွန်တော်တို့က တိုင်းဒေသကြီးကို အခြေမခံပါဘူး။ မြို့နယ်ကို အခြေခံထားပါတယ်။ အဲဒီတော့ ဘယ်မြို့နယ်က ဇုန် - ၁၊ ဘယ်မြို့နယ်က ဇုန် - ၂၊ ဘယ်မြို့နယ်က ဇုန် - ၃ ပေါ့။ ဇန်န၀ါရီလအတွင်း ထုတ်ပြန်နိုင်အောင် ပြင်ဆင်နေပါတယ်”ဟု ဦးအောင်နိုင်ဦးက ဆက်လက်ပြောကြားသည်။
ထို့ပြင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်မည့် ကဏ္ဍများနှင့် ပတ်သက်ပြီး ဦးစားပေးမြှင့်တင်မည့် ကဏ္ဍများကို ၂၀၁၇ ခုနှစ် ဇန်န၀ါရီလအတွင်း ထုတ်ပြန်နိုင်အောင် ပြင်ဆင်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Credirt To >>> Eleven Media Group

0 comments:

Post a Comment