Thursday, December 8, 2016

ငွေလဲလှယ်နှုန်း လွန်စွာမြင့်မားခြင်းနှင့် လွန်စွာကျဆင်းခြင်း မဖြစ်ပေါ်စေရန် နိုင်ငံခြားသုံး သီးသန်ရန်ပုံငွေ အသုံးပြုပြီး ဈေးကွက်၏ လိုအပ်ချက်အရ ရောင်းချခြင်း၊ ၀ယ်ယူခြင်းဖြင့် ထိန်းကျောင်း ဆောင်ရွက်လျက်ရှိကြောင်း ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ပြောကြား

ငွေလဲလှယ်နှုန်း လွန်စွာမြင့်မားခြင်းနှင့် လွန်စွာကျဆင်းခြင်း မဖြစ်ပေါ်စေရန် နိုင်ငံခြားသုံး သီးသန့်ရန်ပုံငွေ အသုံးပြုပြီး ဈေးကွက်၏ လိုအပ်ချက်အရ ရောင်းချခြင်း၊ ၀ယ်ယူခြင်းဖြင့် ထိန်းကျောင်း ဆောင်ရွက်လျက်ရှိကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ဒီဇင်ဘာ ၇ ရက်တွင် ပြောကြားသည်။

ဒေါ်ခင်စောဦးက “မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဟာ ၂၀၁၂ ခုနှစ် ဧပြီလမှစပြီး ထိန်းကျောင်းမှုရှိသော ငွေလဲလှယ်နှုန်း စနစ်သို့ ပြောင်းလဲပြီးနောက် နိုင်ငံခြားငွေ ဈေးပြိုင်လေလံဖြင့် နေ့စဉ် ရည်ညွှန်းငွေလဲလှယ်နှုန်းကို သတ်မှတ်ပေးခြင်းနဲ့ ငွေလဲလှယ်နှုန်း လွန်စွာမြင့်မားခြင်းနဲ့ လွန်စွာကျဆင်းခြင်း မဖြစ်ပေါ်စေဖို့ မိမိရဲ့နိုင်ငံခြားသုံး သီးသန့်ရန်ပုံငွေ အသုံးပြုပြီး ဈေးကွက်ရဲ့လိုအပ်ချက်အရ ရောင်းချခြင်း၊ ၀ယ်ယူခြင်းနဲ့ ထိန်းကျောင်း ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလိုဆောင်ရွက်ရာမှာ နိုင်ငံခြားငွေ လဲလှယ်နှုန်းအား နှုန်းထား တစ်ရပ်အနေနဲ့ ရည်မှန်းချက်ထား ဆောင်ရွက်ခြင်းမပြုဘဲ နိုင်ငံခြားငွေလဲလှယ်နှုန်း၏ နေ့စဉ်အတက်အကျ ပြောင်းလဲမှုကို နည်းနိုင်သမျှနည်းစေဖို့ ငွေလဲလှယ်နှုန်းများရဲ့ ကွာဟချက်အား နှစ်ရာခိုင်နှုန်း ဘောင်အတွင်း ရှိနေစေဖို့ အဓိကထား ဆောင်ရွက်လျက်ရှိပါတယ်” ဟုပြောကြားသည်။


မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းရခြင်း အကြောင်းရင်းမှာ ပြည်တွင်းပြည်ပ အခြေအနေ နှစ်ရပ်စလုံးကြောင့် ဖြစ်ကြောင်း၊ ပြည်တွင်းအခြေအနေမှာ အစိုးရဘတ်ဂျက် လိုငွေမြင့်မားလာခြင်း၊ ပြည်ပကုန်သွယ်မှု လိုငွေမှာ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှစကာ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည့်အတွက် သာမန်စာရင်းလိုငွေ ဖြစ်ပေါ်ခြင်း၊ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ အပါအ၀င် ပြည်ပမှ နိုင်ငံခြားငွေစီးဆင်းမှုသည် ပြည်တွင်းနိုင်ငံခြားငွေ လိုအပ်ချက်များအား ပြည့်မီအောင် လုံလောက်မှုမရှိခြင်း စသည့်အချက်များသည် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုကို ဖြစ်ပေါ်စေခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြည်ပအခြေအနေအရ အမေရိကန်ဘဏ်၏ အတိုးနှုန်းမြှင့်တင်မည့် မူဝါဒကြောင့် အမေရိကန်ဒေါ်လာ တန်ဖိုးမြင့်တက်ခြင်း၊ တရုတ်နိုင်ငံ၏ ယွမ်ငွေကြေး တန်ဖိုးချခြင်းနှင့် ကမ္ဘာ့ရွှေဈေး မြင့်တက်ခြင်းတို့သည် ဒေသတွင်း နိုင်ငံများ၏ ငွေကြေးများနည်းတူ ကျပ်ငွေတန်ဖိုး ကျဆင်းရခြင်းဖြစ်ကြောင်း၊ ထုတ်လုပ်မှုကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်းဖြင့် ကုန်ထုတ်လုပ်မှု တိုးမြှင့်ခြင်း၊ ပို့ကုန်တိုးမြင့်ရေး အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် နောင်လာမည့်ကာလများတွင် နိုင်ငံခြားငွေ ပေးငွေယူရှင်းတမ်း အခြေအနေကောင်းမွန်လာပြီး နိုင်ငံခြားသုံးငွေ ၀ယ်လိုအားနှင့် ရောင်းလိုအားမျှလာပါက ကျပ်ငွေတန်ဖိုး ကျဆင်းမှုလျော့နည်းပြီး ကျပ်ငွေတန်ဖိုး ခိုင်မာလာမည်ဖြစ်ကြောင်း ပြောကြားသည်။

ကျပ်ငွေတန်ဖိုး မြင့်မားလာပါက ပြည်ပတင်ပို့မှု ယှဉ်ပြိုင်နိုင်စွမ်း လျော့ကျပြီး ပို့ကုန်တင်ပို့သူများအတွက် အခြေအနေကောင်းများ မရရှိဘဲ ပို့ကုန်ကျဆင်းမှုဖြစ်နိုင်ပြီး သွင်းကုန်များအား ဈေးနှုန်းသက်သာစွာ တင်သွင်းနိုင်သည့်အတွက် ငွေဖောင်းပွမှု ကျဆင်းလာမည်ဖြစ်ကြောင်း၊ ထို့အတွက် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းခြင်း၊ တက်ခြင်းမှာ အားသာချက်၊ အားနည်းချက်များ ရှိကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အားကောင်းပြီး ရှင်သန်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေးအတွက် နိုင်ငံခြားငွေ လဲလှယ်နှုန်း တည်ငြိမ်ရေးသည် အဓိကဖြစ်ကြောင်း ဒေါ်ခင်စောဦးက ဆိုသည်။

၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ် ငွေကြေးမူဝါဒ ဆောင်ရွက်ချက် အစီရင်ခံစာနှင့် ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေးဆောင်ရွက်ချက် အစီရင်ခံစာနှင့် ပတ်သက်၍ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက ပြန်လည် ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment