ထိုင်ဝမ်နိုင်ငံသား ခံယူထားသူ မြန်မာလူမျိုး နှလုံးခွဲစိတ် အထူးကု ဆရာဝန်ကြီးတစ်ဦးသည် ကမာရွတ်မြို့နယ် Novotel ဟိုတယ်တွင် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
သေဆုံးသူသည် မြန်မာနိုင်ငံသို့ခေတ္တလာရောက်စဉ် Novotel ဟိုတယ် ၅လွှာရှိ အခန်းအမှတ်(၅၃၆)တွင် သေဆုံးနေသည်ကို ယနေ့(အောက်တိုဘာ ၁၇ ရက်)နံနက်ပိုင်းကတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ကမာရွတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။
"ကျွန်တော်တို့ကို မနက်၉နာရီကျော်လောက်မှာ ဟိုတယ်က အကြောင်းကြားလို့သိရတာပါ။ အလောင်းကတော့ ဘေးတိုက်အနေအထားအတိုင်းသေဆုံးနေတယ်။ နာခေါင်းကတော့ သွေးထွက်ပြီးသေဆုံးနေတာပါ။ ကျန်တာကတော့ မသိသေးပါဘူး။ အလောင်းကိုစစ်ဆေးဖို့အတွက် လုပ်နေပါတယ်"ဟု ၄င်းရဲအရာရှိ ကပြောသည်။
သေဆုံးသူ နှလုံးအထူးကုဆရာဝန်ကြီးသည် ထိုင်ဝမ်နိုင်ငံသားခံယူထားသူ အသက်၅၃နှစ်အရွယ်ရှိ ဒေါက်တာသိန်းဟန် Haung Bieng Hsien(ထိုင်ဝမ်နိုင်ငံသားအမည်)ဖြင့် လာရောက်တည်းခိုနေထိုင် သူဖြစ်သည်။
"အမှုနဲ့ပတ်သက်လို့တော့ ဘာမှပြောလို့မရသေးပါဘူး။ လ.၀.ကအရာရှိတွေလည်း လာရောက်စစ်ဆေး နေပါတယ်။ နာခေါင်းမှာသွေးထွက်နေတာကလွဲလို့ကျန်တဲ့ပြင်ပဒဏ်ရာတော့မတွေ့ရသေးပါဘူး။ဆေး စစ်ချက်ထွက်မှ ဘာကြောင့်သေရလဲဆိုတာသိမှာပါ"ဟု ကမာရွတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
နှလုံးရောဂါအထူးကု ဆရာဝန်ကြီး ဒေါက်တာသိန်းဟန်သည် အောက်တိုဘာ၁၅ရက် နံနက်ပိုင်းတွင် လာရောက်တည်းခိုနေထိုင် ခဲ့ပြီးနောက်အောက်တိုဘာ၁၇ရက် နံနက်ပိုင်းသေဆုံးခဲ့ခြင်း ဖြစ်သည်။
"မနက်ပိုင်းကအပြင်စားသောက်ဆိုင်မှာသွားစားသေးတယ်။ပြန်လာပြီးနာရီဝက်လောက်အကြာမှာသေဆုံးနေတယ်။ အမှုကိုတော့ သေမှုသေခင်းဖွင့်ပြီးဆက်လက်စစ်ဆေးနေပါတယ်"ဟု ကမာရွတ်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

0 comments:
Post a Comment