Tuesday, October 18, 2016

ပင်လယ်နီထဲမှ အမေရိကန် စစ်သင်္ဘောများကို ပစ်မှတ်ထားခြင်း ဖြစ်ဖွယ်ရှိသည့် ဒုံးကျည်ပစ်ခတ်မှုများ ဖြစ်ပေါ်

ပင်လယ်နီထဲတွင်ရှိသော အမေရိကန် စစ်သင်္ဘော သုံးစင်းသည် အောက်တိုဘာ ၁၅ ရက်က ၎င်းတို့အား ပစ်မှတ်ထားခြင်း ဖြစ်ဖွယ်ရှိသည့် ဒုံးကျည်များ ပစ်ခတ်မှုများကို ထောက်လှမ်းသိရှိ ခဲ့ကြသည်ဟု အမေရိကန်စစ်တပ်မှ ထုတ်ပြန်ခဲ့သည်။
မည်သည့်သင်္ဘောမှ ဒုံးကျည်မထိမှန် ခဲ့သော်လည်း ယီမင်မှ ဟူသီသူပုန်များ တင်းမာမှု မြင့်တက်နေစဉ် ယခုဖြစ်ရပ် ထွက်ပေါ်လာခြင်းဖြစ်သည်။
ယီမင်ကမ်းလွန် ပင်လယ်ပြင်တွင် ရှိနေသော USS Mason၊ USS Nitze နှင့် USS Ponce တို့ကို မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်များနှင့် ပစ်ခတ်ခဲ့ကြခြင်းဖြစ်ပြီး ဒုံးကျည်စင်းရေ မည်မျှနှင့် ပစ်ခတ်ခဲ့သည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း အမေရိကန်အစိုးရ အရာရှိများက ပြောကြားခဲ့သည်။ ထိုသို့ ပစ်ခံရပြီးနောက် အမေရိကန် သင်္ဘောများမှာလည်း နောက်သို့ ပြန်ဆုတ်သွားခဲ့သည်ဟု သိရသည်။
“အမေရိကန် သင်္ဘောအုပ်စုဟာ ပင်လယ်နီထဲက နိုင်ငံတကာ ရေပိုင်နက်ကို ဖြတ်သန်းနေစဉ်မှာ အခုလို ဒုံးကျည်အန္တရာယ်နဲ့ တွေ့ကြုံခဲ့ရတာပါ။ အခြေအနေတွေကိုတော့ စုံစမ်းနေတုန်းပါပဲ” ဟု အမည်မဖော်လိုသူ အမေရိကန် ကာကွယ်ရေး အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ယင်းဒုံးကျည်များသည် အမေရိကန် စစ်သင်္ဘောများအား ပစ်ခတ်ကြောင်း အတည်ပြုနိုင်ပါက လူပေါင်း ၆၈၀၀ ကျော် သေဆုံးခဲ့ရပြီ ဖြစ်သည့် ယီမင်စစ်ပွဲအတွင်း အန္တရာယ်အကြီးဆုံး အခြေအနေသို့ ရောက်သွားနိုင်သည်။ အမေရိကန်အစိုးရ အရာရှိများကမူ အမေရိကန်သည် နောက်ထပ်စစ်ပွဲ တစ်ခုထဲသို့ ၀င်ပါရမည့်အဖြစ်ကို ရှောင်လွှဲလိုနေသည်ဟု အလေးပေး ပြောကြားခဲ့သည်။
အောက်တိုဘာ ၁၂ ရက်က  ပင်လယ်နီထဲတွင် ရှိနေသော USS Mason သင်္ဘောကို ဟူသီသူပုန်တို့ ထိန်းချုပ်ထားသည့်ဒေသမှ ဒုံးကျည်ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် တစ်ရက်တွင် အမေရိကန်သည် ဟူသီသူပုန်တို့၏ ရေဒါစခန်း သုံးခုကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။ ဟူသီတို့က ထိုဒုံးကျည် ပစ်ခတ်မှုသည် ၎င်းတို့ လက်ချက်မဟုတ်ဟု ငြင်းဆိုခဲ့ပြီး အမေရိကန်ကလည်း ထိုလေကြောင်း တိုက်ခိုက်မှုသည် မိမိကိုယ်ကို ခုခံကာကွယ်သည့်လုပ်ရပ် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဆော်ဒီညွန့်ပေါင်းက ယီမင်ဈာပနကို မှားယွင်းပစ်ခတ်မိဟု ၀န်ခံ
ယီမင်သူပုန်များကို တိုက်ခိုက်နေသည့် ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့က ၎င်း၏ စစ်လေယာဉ် တစ်စင်းသည် မြို့တော်ဆန်နာတွင် အသုဘအခမ်းအနား တစ်ခုကို မှားယွင်းပစ်ခတ်ခဲ့မှုတွင် လူ ၁၄၀ ကျော် သေဆုံးခဲ့သည်ဟု အောက်တိုဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
“ညွန့်ပေါင်းအဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာခြင်း မရှိမှုနဲ့ မမှန်ကန်တဲ့ သတင်းအချက်အလက် ထုတ်ပြန်ပေးမှုတွေကြောင့် အဖွဲ့ရဲ့ လေယာဉ်တစ်စင်းက တည်နေရာကို မှားယွင်းပစ်ခတ်ခဲ့လို့ အရပ်သားတွေ သေဆုံးပြီး ထိခိုက်ဒဏ်ရာရခဲ့တယ်” ဟု စုံစမ်းစစ်ဆေးရေး အဖွဲ့က ထုတ်ပြန်ခဲ့သည်။ ယင်းဖြစ်ရပ်အား လုပ်ဆောင်ခဲ့သူများကို သင့်လျော်သော အရေးယူမှုများ လုပ်ဆောင်ရမည်ဖြစ်ပြီး သေဆုံးသူများ၏ မိသားစုဝင်များကို နစ်နာကြေးပေးရန် ကမ်းလှမ်းမည်ဟု သိရသည်။ ဟူသီသူပုန် အကြီးတန်း တပ်မှူးတစ်ဦး၏ဖခင် အသုဘ အခမ်းအနား တိုက်ခိုက်ခံရမှုအတွင်း လူ ၅၂၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
အောက်တိုဘာ ၈ ရက်က ထိုတိုက်ခိုက်မှုကို နိုင်ငံတကာက ကန့်ကွက်ခဲ့ပြီး ဆော်ဒီ၏ အနီးကပ်ဆုံး အနောက်နိုင်ငံ မဟာမိတ်များကပါ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြကာ လူ့အခွင့်အရေး အဖွဲ့ကလည်း သိသာထင်ရှားသော စစ်ရာဇ၀တ်မှု တစ်ခုဟု ထုတ်ပြန်ခဲ့သည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment