
Federal Aviation Alistration (FAA) ၏ ထုတ်ပြန်ချက် FAA-2016-9288 အား ရည်ညွှန်း၍ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်မှစ၍ MAI နှင့် Air KBZ လေကြောင်းလိုင်းပိုင် လေယာဉ်များပေါ်တွင် Samsung Galaxy Note 7 Devices များအား တားမြစ်ပစ္စည်းအဖြစ် သတ်မှတ်ထားခြင်းကြောင့် ခရီးသည်များ ကိုယ်ပေါ်တွင် လည်းကောင်း၊ Checked Beggage အနေဖြင့်လည်းကောင်း၊ Hand Baggage အနေဖြင့် လည်းကောင်း၊ Cargo Baggage အနေဖြင့်လည်းကောင်း သယ်ယူခွင့် မပြုကြောင်း အသိပေး ကြေညာခဲ့ကြောင်း သိရသည်။
“ခရီးသည်တွေရဲ့ လုံခြုံစိတ်ချမှုအတွက် အလေးပေး ဆောင်ရွက်တာ ဖြစ်တဲ့အတွက် ခရီးသည်တွေအနေနဲ့ ပူးပေါင်းပါဝင်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်” ဟု MAI နှင့် Air KBZ လေကြောင်းလိုင်းများ၏ ပြောရေးဆိုခွင့်ရှိသူ မအေးမရသာက ပြောကြားသည်။
MAI လေကြောင်းလိုင်းသည် ရန်ကုန်မြို့မှ ဘန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ ကွမ်ကျိုး၊ ဂါယာမြို့များသို့ Air Bus လေယာဉ်များဖြင့် ပုံမှန်ခရီးစဉ်များ ပျံသန်းလျက်ရှိပြီး စင်းလုံးငှား ခရီးစဉ်များကိုလည်း သွားလိုသည့် ပြည်ပနိုင်ငံများ အတွက် ငှားရမ်းပျံသန်းပေး လျက်ရှိသည်။
Air KBZ လေကြောင်းလိုင်းသည် အသစ်ရောက်ရှိလာသော ATR 72-600 လေယာဉ်တစ်စင်း အပါအ၀င် ATR 72-600 လေယာဉ် ငါးစင်း၊ ATR 72-500 လေယာဉ်သုံးစင်း စုစုပေါင်း လေယာဉ်ရှစ်စင်းဖြင့် ပြည်တွင်းခရီးစဉ်များ ပျံသန်းနေခြင်းဖြစ်ကြောင်း သိရသည်။
Air KBZ လေကြောင်းလိုင်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အခြေပြု၍ ရန်ကုန်မြို့မှတစ်ဆင့် မန္တလေး၊ မြစ်ကြီးနား၊ ညောင်ဦး၊ ကလေး၊ ဟဲဟိုး၊ လားရှိုး၊ တာချီလိတ်၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ သံတွဲ၊ စစ်တွေ၊ နေပြည်တော်နှင့် လွိုင်ကော်မြို့များသို့ နေ့စဉ်ပျံသန်းလျက်ရှိသည်။
ထို့ပြင် Air KBZ လေကြောင်းလိုင်းသည် အရှေ့တောင်အာရှဒေသတွင်း ပြည်ပခရီးစဉ်အနေဖြင့် ရန်ကုန်- ချင်းမိုင်-ရန်ကုန် ခရီးစဉ်အား တစ်ပတ်လျှင်သုံးကြိမ် ပျံသန်းရန် စီစဉ်ထားသည်။
Credit To >>> Eleven Media Group
0 comments:
Post a Comment