ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနနှင့် ခရီးသွားကုမ္ပဏီတို့ စီစဉ်ဆောင်ရွက်မှုဖြင့် ခရီးသွားရာသီ အစမှာပင် မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားများ လာရောက် လည်ပတ်လျက်ရှိကြောင်း အဆိုပါ ၀န်ကြီးဌာန၏ လူဝင်မှု စာရင်းများအရ သိရသည်။
နိုင်ငံခြား ခရီးသွားများ အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရာတွင် အပြည်ပြည်ဆိုင်ရာလေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်းခရီးစဉ်၊ နယ်စပ်ဖြတ်ကျော် မော်တော်ယာဉ်တန်း၊ ဆိုင်ကယ်၊ စက်ဘီးခရီးစဉ်များဖြင့် မြန်မာနိုင်ငံရှိ ထင်ရှားသည့် ခရီးစဉ်များနှင့် မြစ်ကြောင်းများသို့ လာရောက် လည်ပတ်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ၀န်ကြီးဌာန၏ ကြီးကြပ်မှု၊ Osuga Myanmar Travels & Tours Co.,Ltd တို့၏ စီစဉ်မှုဖြင့် သြစတြေးလျနိုင်ငံသား လေးဦးသည် ကိုယ်ပိုင်ဆိုင်ကယ် လေးစီးဖြင့် စက်တင်ဘာ၂၁ ရက်မှ ၃၀ ရက်အထိ မြ၀တီ၊ ကျိုက်ထီးရိုး၊ ရန်ကုန်၊ နေပြည်တော်၊ ကလော၊ အင်းလေး၊ ပုဂံ၊ ဂန့်ဂေါ၊ ကလေး၊ တမူးမြို့များသို့ လာရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။
Moe Sin Kyai Travels & Tour Co., Ltd တို့၏ စီစဉ်ဆောင်ရွက်မှုဖြင့် တရုတ်နိုင်ငံသား ၁၈ ဦးသည် မော်တော်ယာဉ် နှစ်စီးဖြင့် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၆ ရက် အထိ မူဆယ်၊ ပြင်ဦးလွင်၊ ပုဂံနှင့် အင်းလေးဒေသသို့ လည်းကောင်း၊ တရုတ်နိုင်ငံသား ၈၂ ဦးသည် မော်တော်ယာဉ် ၂၅ စီးဖြင့်လည်းကောင်း အောက်တိုဘာ ၂ ရက်မှ ၇ ရက်အထိ မူဆယ်၊ ပြင်ဦးလွင်၊ မန္တလေး၊ ပုဂံသို့ လာရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။
ီDream Travel & Tour Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် သြစတြေးလျနိုင်ငံသား ၂၄ ဦးသည် စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၂ ရက်အထိ RV ပေါက္ကံ အပျော်စီး ရေယာဉ်ဖြင့် ညောင်ဦး၊ ပုဂံ၊ ရွှေပြည်သာ၊ စစ်ကိုင်း၊ မန္တလေး၊ နွယ်ငြိမ်း၊ ကြာညှပ်၊ ထီးချိုင့်ရွာ၊ နတ်ပေါက်ရွာ၊ ကျွန်းတောရွာနှင့် ဗန်းမော်မြို့များသို့ သွားရောက်၍ ဧရာဝတီမြစ်ကြောင်းနှင့် ချင်းတွင်းမြစ်ကြောင်းများသို့ သွားရောက် လည်ပတ်ခဲ့သည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြား ခရီးသွား လာရောက်လည်ပတ်မှု အနေဖြင့် ၂၀၁၆ ခုနှစ် သြဂုတ်လကုန်အထိ နိုင်ငံခြား ခရီးသွား ၀င်ရောက်မှုမှာ ၂ ဒသမ ၇ သန်းကျော် ၀င်ရောက်ထားပြီး ၀န်ကြီးဌာနအနေဖြင့် ခရီးသွား ၀င်ရောက်မှု မြင့်တက်စေရန် နယ်စပ်ဝင်ပေါက် တိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနမှ သိရသည်။
နိုင်ငံခြား ခရီးသွားများ မြန်မာနိုင်ငံသို့ ၀င်ရောက်မှု မြင့်တက်လာစေရန် ပြည်ပလေကြောင်းလိုင်း ၃၀ နှင့် ပြည်တွင်းလေကြောင်းလိုင်း ၁၀ ခု တိုးမြှင့်လာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။
Credit To >>> Eleven Media Group
Tuesday, October 18, 2016
ခရီးသွားရာသီ အစမှာပင် မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားများ အဆက်မပြတ် လာရောက် လည်ပတ်လျက်ရှိ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment