Monday, September 26, 2016

အိန္ဒိယစက္ကူကုမ္ပဏီက မြန်မာနိုင်ငံမှာ သစ်တောဝါးတောစိုက် ခင်းတွေတိုးချဲ့သွားဖို့ စီစဉ်

အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံးသော စက္ကူထုတ်လုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ J K Paper Ltd က ယခုအခါ ယင်းရဲ့ စက္ကူပျော့ဖတ်
ကုန်ကြမ်း တိုးမြင့်ရရှိဖို့အတွက် မြန်မာနိုင်ငံမှာ သစ်တောဝါးတောစိုက်ခင်းတွေ တိုးချဲ့စိုက်ပျိုးသွားဖို့ စီစဉ်နေတယ်လို့
သိရပါတယ်။
စက္ကူထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့အဓိကကုန်ကြမ်းပျော့ဖတ်ကို လုံလုံလောက်လောက် ရရှိဖို့ လိုလားနေပြီဖြစ်တဲ့အတွက်ကြောင့် ယခုလို မြန်မာနိုင်ငံမှာ စမ်းသပ်လုပ်ကိုင်နေခဲ့တဲ့ စိုက်ခင်းတွေကို ပိုမိုတိုးချဲ့လုပ်ကိုင်သွားဖို့ အိန္ဒိယကုမ္ပဏီဘက်က ပြင်ဆင်လာတာလည်းဖြစ်ပါတယ်။
" စက္ကူပျော့ဖတ်ကုန်ကြမ်း လုံလုံလောက်လောက် ရရှိနေဖို့အတွက် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကုန်ကြမ်းစိုက်ခင်းတစ်ခု စမ်းသပ်လုပ်ဆောင်ထားခဲ့တာရှိပါတယ်၊ အဲဒီစမ်းသပ်မှုကနေ တိုးတက်မှုတွေ မြင်တွေ့ခဲ့ရတာကြောင့် အခုတော့အဲဒါကိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်သွားပါတော့မယ်"ဆိုပြီး ကုမ္ပဏီရဲ့ ဒုဥက္ကဌနဲ့ အုပ်ချုပ်မှုဒါရိုက်တာ Harsh Pati Singhania က အိန္ဒိယမီဒီယာသမားတွေကို ပြောသွားပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့စိုက်ခင်းတည်နေရာကိုတော့ ပြောဆိုသွားခြင်းတော့ မရှိခဲ့ပါဘူး။
လက်ရှိအချိန်မှာ ကုမ္ပဏီအနေနဲ့ ကုန်ကြမ်းအတွက် သစ်တောဝါးတောစိုက်ခင်းတွေကို မြန်မာအပြင် အခြားနိုင်ငံတွေမှာပါ တိုးချဲ့စိုက်ပျိုးသွားဖို့ စီစဉ်ထားသေးတယ်ဆိုပြီးတော့လည်း ၎င်းက ပြောဆိုသွားခဲ့ပါတယ်။
ယင်းကုမ္ပဏီကတော့ အိန္ဒိယနိုင်ငံပြင်ပမှာ ယခုလိုကုန်ကြမ်းအတွက် စိုက်ခင်းတွေ ထုတ်လုပ်နေတဲ့ ပထမဆုံးသော ကုမ္ပဏီဖြစ်တယ်လို့လည်း J K Paper ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသွားခဲ့ပါတယ်။အိန္ဒိယနိုင်ငံထဲမှာတော့ ကုမ္ပဏီတွေအနေနဲ ယင်းလိုမျိုး စက္ကူကုန်ကြမ်းစိုက်ခင်းတွေ စိုက်ပျိုးခွင့်ရရှိထားခြင်းမရှိပေမယ့် J K Paper ကတော့ စိုက်ခင်းစိုက်တောင်သူတွေကိုကူညီပေးမှုတွေ ရှိထားပြီးတော့ ယမန်နှစ်တုန်းကလည်းတောင်သူတွေအတွက် မျိုးစေ့ ၈ ကဋေအထိ ထောက်ပံ့ပေးထားခဲ့တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

Credit To >>>SFJ Strategy First Journal

0 comments:

Post a Comment