Thursday, September 22, 2016

နိုင်ငံခြားသား သွေးနှောဥပဒေအရ နိုင်ငံသားစိစစ်ရေး ကတ်ထုတ်ပေးရာတွင် မလိုလားအပ်သည့် အဆင်မပြေမှုများ မပေါ်ပေါက်စေရေအတွက် ညွှန်ကြားထားပြီးဖြစ်ဟုဆို



နိုင်ငံခြားသား သွေးနှောဥပဒေအရ နိုင်ငံသားစိစစ်ရေး ကတ်ထုတ်ပေးခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် မလိုလားအပ်သော အချိန်ကြာမြင့်မှု၊ အချိန်ဆွဲဆောင်ရွက်မှု၊ ငွေကြေး လာဘ်လာဘ တောင်းခံမှု၊ ဆက်ဆံရေး မပြေပြစ်မှုများ မပေါ်ပေါက်စေရေးအတွက် တာဝန်ရှိသူ အဆင့်ဆင့်တို့မှ ညွှန်ကြားထားပြီးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက စက်တင်ဘာ ၂၁ ရက်တွင် ပြောသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲဆန္ဒနယ်မှ ဒေါက်တာခင်မောင်မောင်က ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ မှတ်ပုံတင်ပြုလုပ်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် မှတ်ပုံတင်ဦးစီးဌာနမှ နိုင်ငံသားမှတ်ပုံတင် ထုတ်ပေးရာ၌ ပြန်လည်စိစစ်ရန် ညွှန်ကြားထားခြင်း ရှိ/မရှိမေးမြန်းမှု ကို ၀န်ကြီးက ပြန်လည်ဖြေကြားပေးခဲ့ခြင်း ဖြစ်သည်။
ကာယကံရှင် နိုင်ငံသားဖြစ်မှုနှင့် ပတ်သက်သော အထောက်အထားများအား ဥပဒေနှင့်အညီ စိစစ်ရန်၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်အား ညွှန်ကြားချက်များနှင့်အညီ တိကျမှန်ကန်စွာ ဆောင်ရွက်ကြရန်၊ လုပ်ငန်းဆောင်ရွက်မှုအတွက် သတ်မှတ်အခငွေသာ ပေးသွင်းရန် ရုံးများတွင် ကြေညာထားပြီး ပြည်သူများ မှ လုပ်ငန်းကိစ္စဆောင်ရွက်မှုနှင့် ပတ်သက်၍ အဆင်မပြေမှု၊ အခက်အခဲရှိမှုများနှင့် ငွေကြေးလာဘ်လာဘ တောင်းခံ မှုများရှိပါက တိုင်ကြားရန်ဖုန်းနံပါတ်များ ကြေညာထား ပြီး ဖြစ်ကြောင်းလည်း ၀န်ကြီးကဆိုသည်။
ဥပဒေအရ နိုင်ငံသားသွေးနှောသူများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားမှုများတွင် ၎င်းတို့တင်ပြရမည့် အထောက်အထား စုံလင်မှုနှင့် ရုံးမှတ်တမ်းများနှင့် တိုက်ဆိုင်စိစစ်မှုအပေါ် မူတည်ပြီး သက်ဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးရုံး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးရုံးသို့ အမှုတစ်ခုချင်းအလိုက် အထောက်အထားများဖြင့် တင်ပြရခြင်းကြောင့် ထိုက်သင့်သည့်အချိန် ကြာမြင့်နိုင်ကြောင်းကိုလည်း ပြည်သူလူထုကို အသိပေးတင်ပြထားပြီး ဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးကဆိုသည်။
ထို့သို့ဆောင်ရွက်ခြင်းမှာ နိုင်ငံသားမဟုတ်သူများ၊ သွေးနှောများ မဟုတ်မမှန် လျှောက်ထားခြင်းကို ကာကွယ်နိုင်ရန် အတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး သွေးနှောများအတွက် နှောင့်နှေးကြန့်ကြာအောင် ငွေကြေးအတွက် တောင်းခံနိုင်အောင် ဆောင်ရွက်ခြင်းမဟုတ်ဟုလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် လက်ရှိအနေအထားအရ စိစစ်ဆဲ Case ၂၀၀၀၀ ကျော် ကျန်ရှိနေကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့သည်။

Credit To >>> The Ladies News

0 comments:

Post a Comment