Thursday, September 22, 2016

မြောက်ကိုရီးယား နျူစမ်းသပ်မှုကြောင့် တောင်ကိုရီးယားသို့ B-1B ဗုံးကြဲလေယာဉ်နှစ်စင်း အမေရိကန်စေလွှတ်

မကြာသေးမီက ပြုံယမ်း၏ နျူကလီးယားစမ်းသပ်မှုနှင့် ပတ်သက်၍ မြောက်ကိုရီးယားနိုင်ငံအား ကန့်ကွက်ကြောင်း ပြသသည့်အနေဖြင့် အမေရိကန်တပ်မတော်က တောင်ကိုရီးယားနိုင်ငံသို့ မဟာဗျူဟာမြောက်ဗုံးကြဲ လေယာဉ်နှစ်စင်း စေလွှတ်လိုက်သည်။

ဒေသန္တရမီဒီယာများ၏ အဆိုအရ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၁ဝ မိနစ်ခန့်က ဆိုးလ်မြို့တော်တောင်ဘက် ကီလိုမီတာ ၇ဝ ခန့်အကွာမှ ပြောင်တိတ်ခ်မြို့ရှိ အိုဆန် လေတပ်အခြေစိုက်စခန်းအပေါ် B-1B လေယာဉ်နှစ်စင်း အနိမ့်ပျံသွားခဲ့သည်။ အဆိုပါ အသံထက်မြန်သော ဗုံးကြဲ လေယာဉ်များမှာ ဂူအမ်ကျွန်းရှိ အမေရိကန်လေတပ်အခြေ စိုက်စခန်းမှ ပျံသန်းလာခြင်းဖြစ်သည်။ ပျံသန်းမှုပြုလုပ်ပြီး နောက် ဗုံးကြဲလေယာဉ်နှစ်စင်းအနက် တစ်စင်းက ဂူအမ် ကျွန်းသို့ ပြန်သွားခဲ့ပြီး အခြားတစ်စင်းက အိုဆန်လေတပ် အခြေစိုက်စခန်း၌ ဆင်းသက်ခဲ့သည်။ အမေရိကန်ဗုံးကြဲ လေယာဉ်မှာ တောင်ကိုရီးယားနိုင်ငံ၌ ရက်မည်မျှကြာကြာ နေမည်ဆိုသည်ကို မသိရပေ။

စက်တင်ဘာ ၁၃ ရက်တွင်လည်း အမေရိကန် တပ်မတော်က တောင်ကိုရီးယားနိုင်ငံသို့ B-1B လေယာဉ် နှစ်စင်း စေလွှတ်ခဲ့သော်လည်း အဆိုပါလေယာဉ်နှစ်စင်းမှာ အိုဆန်လေတပ်အခြေစိုက်စခန်းအပေါ် ၁ဝ မိနစ်ခန့် အနိမ့်ပျံသန်းပြီးနောက် ဂူအမ်ကျွန်းသို့ နောက်ကြောင်း ပြန်လှည့်သွားခဲ့သည်။ နျူထိပ်ဖူးတပ်ဒုံးကျည်များ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း စက်တင်ဘာ ၉ ရက် တွင် မြောက်ကိုရီးယားနိုင်ငံက ပြောကြားပြီးနောက် လက်နက်ကိုင် ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ်လာခဲ့သည်။ ဇန်နဝါရီလအတွင်း စတုတ္ထအကြိမ်နျူစမ်းသပ်မှု ပြုလုပ်ပြီး ရှစ်လအကြာတွင် ပဉ္စမအကြိမ်မြောက်နျူစမ်းသပ်မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ယခင်စံချိန်တင်ထားသော ခြောက်ကီလိုတန်ထက် ပိုမိုပြင်းထန်သော ၁ဝ ကီလိုတန်ရှိ ဖောက်ခွဲမှုတစ်ရပ် လုပ်ဆောင်ခဲ့သောကြောင့် ပဉ္စမအကြိမ်မြောက် နျူစမ်းသပ်မှုကို မြောက်ကိုရီးယားနိုင်ငံ၏ အင်အား အပြင်းဆုံးနျူဖောက်ခွဲမှုအဖြစ် ရှုမြင်ထားသည်။ မိုးလေဝသဂြိုဟ်တုစေလွှတ်ရန် မြေပြင်ရှိ ဒုံးပျံပစ်စင် တစ်ခုပေါ်မှ အင်ဂျင်ဂျက်လေယာဉ်တစ်စင်း စမ်းသပ်ခဲ့ကြောင်း ပြုံယမ်းက ပြောကြားခဲ့ပြီး ယင်းကို တောင်ကိုရီး ယားတပ်မတော်က တာဝေးပစ်ဒုံးကျည်တစ်စင်းအဖြစ် ယူဆထားသည်။ အာဏာရ အလုပ်သမားပါတီ တည်ထောင်မှု (၇၁) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုရန် အောက်တိုဘာ ၁ဝ ရက်ဝန်းကျင်၌ မြောက်ကိုရီးယားနိုင်ငံက တာဝေးပစ်ဒုံးပျံသစ်တစ်စင်း ပစ်လွှတ်မည်ဟု မျှော်မှန်းရသည်။



Credit To >>> The Mirror Daily

0 comments:

Post a Comment