Friday, September 23, 2016

အကောက်ခွန် အွန်လိုင်းနည်းပညာသစ် စတင်ကျင့်သုံးနိုင်တော့မည်

    

မြန်မာ့အကောက်ခွန် ဦးစီးဌာနမှ မြန်မာ အလိုအလျောက် ကုန်ပစ္စည်း ရှင်းလင်းရေးစနစ် MACCS(Myanmar Automated Cargo Clearance System) နှင့် မြန်မာ့အကောက်ခွန် သတင်းအချက်အလက် စနစ် MCIS ( Myanmar Customs Intelligence System) စသည့် အကောက်ခွန် အွန်လိုင်းနည်းပညာသစ်ကို လာမည့် နိုဝင်ဘာလတွင် စတင်ကျင့်သုံး ဆောင်ရွက်တော့မည် ဖြစ်ကြောင်း သိရသည်။

အကောက်ခွန်အွန်လိုင်း နည်းပညာသစ်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံတကာဆိပ်ကမ်း နေရာများ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် သီလဝါအထူးစီးပွားရေးဇုန် အပါအဝင် ၁၄ နေရာတို့တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု ဆိုသည်။

အဆိုပါ မြန်မာ့အကောက်ခွန် အွန်လိုင်း နည်းပညာသစ်သည် ဂျပန်နိုင်ငံတွင် လက်ရှိကျင့်သုံးပြီး အောင်မြင်နေသော နည်းစနစ်များကို အခြေခံထားသည့် စနစ်များဖြစ်ကာ ဂျပန်နိုင်ငံမှ နည်းပညာသာမက ငွေကြေးထောက်ပံ့မှုပါ ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝန်ဆောင်မှုပေးသည့် အခါတွင်လည်း MACCS အွန်လိုင်းစနစ် သည် လက်ရှိကျင့်သုံးနေသော Manual စနစ်နှင့် နှိုင်းယှဉ်ပါ က ကြာမြင့်ချိန် လွန်စွာ ခြားနားကာ အချက်အလက် ပြည့်စုံ မှန်ကန်သော အကောက်ခွန်ကြေညာလွှာ တစ်စောင်အတွက် သုံးစက္ကန့်အတွင်း လုပ်ငန်းများကို အပြီးဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာန MACCS ဌာနခွဲ ပရောဂျက်တာဝန်ခံ ဦးဝင်းသန့် (ညွှန်ကြားရေးမှူး)က ပြောကြားခဲ့သည်။

MACCS အွန်လိုင်းစနစ်သည် ဆိပ်ကမ်းနေရာများနှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် သွင်းကုန်၊ ထုတ်ကုန် ဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် ကုန်ပစ္စည်းများကို လျင်မြန်ချောမွေ့စွာ တင်သွင်း /တင်ပို့နိုင်မည် ဖြစ်သည့်အပြင် အခွန်ကောက်ခံသည့် အခါတွင်လည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ကောက်ခံမှုများ ပြုလုပ် သွားနိုင်မည်ဖြစ်ပြီး ပြည့်ပြည့်ဝဝ အခွန်ကောက်ခံနိုင်မည်ဖြစ်ကာ ကုန်သွယ်မှု စာရင်းဇယား များသည်လည်း ယခင်ထက် မှန်ကန် တိကျလာမည်ဟု ဆိုသည်။

လုပ်ငန်းဆောင်ရွက်မှုအတွက် ကုန်ကျစရိတ်များကို ဂျပန်နိုင်ငံ အစိုးရ ၏ ထောက်ပံ့ငွေ ယန်း သန်းပေါင်း ၃၉၉ဝ ကျော် အပါအဝင် နိုင်ငံတော် ဘတ်ဂျက်မှလည်း ကျပ် သန်းပေါင်း ၅၈ဝဝ ကျော်ကို စတင်အကောင် အထည် ဖော်ခဲ့သည့်အချိန်မှစ၍ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်ကုန် အထိ သုံးနှစ်တာကာလအတွင်း သုံးစွဲ သွားမည် ဖြစ်ကြောင်း သိရသည်။


Credit To >>> The Ladies News

0 comments:

Post a Comment