Wednesday, August 24, 2016

ဒေါ်လာဈေးမြင့်၍ ပြည်တွင်းရွှေဈေး အမြင့်ဆုံးရောက်

ဒေါ်လာဈေး မြင့်တက်မှု အရှိန်ကြောင့် ပြည်တွင်း အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ၈၆၁,၀၀၀ ကျပ်အထိ မြင့်တက်ပြီး ဈေးအမြင့်ဆုံးသို့ ရောက်ရှိလာကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။
"ကမ္ဘာ့ရွှေဈေး အေးနေပေမယ့် ပြည်တွင်းရွှေဈေးကတော့ အမြင့်ပိုင်းမှာပဲ ရှိနေပါမယ်။ ဒေါ်လာဈေး တက်နေရင်တော့ ရွှေဈေးကလည်း လိုက်တက်နေမှာပါ" ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်က သုံးသပ်ပြောကြားသည်။

သြဂုတ်လ ၂၂ ရက်နေ့က ပြည်တွင်း အခေါက်ရွှေ အဖွင့်ဈေးမှာ တစ်ကျပ်သားလျှင် ၈၅၇,၀၀၀ ကျပ်ဖြစ်ပြီး သြဂုတ်လ ၂၃ ရက်နေ့၌ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၈၆၁,၀၀၀ ကျပ်အထိ မြင့်တက်လာကြောင်း အခေါက်ရွှေ လက်ကားဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ပြင်ပ ဒေါ်လာဈေးနှုန်းများသည် သြဂုတ်လ ဒုတိယပတ်အတွင်းမှ စတင်၍ မြင့်တက်လာခြင်းဖြစ်ပြီး သြဂုတ်လ ၁၉ ရက်နေ့က တစ်ဒေါ်လာလျှင် ၀ယ်ဈေး/ရောင်းဈေး ရှစ်ကျပ်အထိ မြင့်တက်ခဲ့ရာမှ ယခုအခါ တစ်ဒေါ်လာလျှင် ၀ယ်ဈေး/ရောင်းဈေး ၁၅ ကျပ်ခန့်အထိ ထပ်မံမြင့် တက်ကြောင်း၊ ဗဟိုဘဏ်သတ်မှတ် ငွေလဲနှုန်းသည်လည်း သြဂုတ်လ ၁၉ ရက်နေ့ကထက် တစ်ဒေါ်လာလျှင် ခုနစ်ကျပ်ခန့်အထိ ထပ်မံမြင့်တက်ကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

ဈေးနှုန်း မြင့်တက်နေသော်လည်း အမေရိကန်ဒေါ်လာ ၀ယ်လိုအား ကောင်းမွန်လျက်ရှိပြီး တစ်ဒေါ်လာလျှင် ၁၂၀၀ ကျော် အောက်သို့ ကျဆင်းရန်မှာ မလွယ်ကူနိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက ပြောဆိုသည်။

ပြင်ပဒေါ်လာဈေးကွက်အတွင်း သြဂုတ်လ ၁၉ ရက်နေ့က တစ်ဒေါ်လာလျှင် ၀ယ်ဈေး ၁၁၉၇ ကျပ်၊ ရောင်းဈေး ၁၂၀၀ ကျပ်မှ သြဂုတ်လ ၂၃ ရက်နေ့၌ တစ်ဒေါ်လာလျှင် ၀ယ်ဈေး ၁၂၁၂ ကျပ်၊ ရောင်းဈေး ၁၂၁၄ ကျပ်အထိ မြင့်တက်လာပြီး ဗဟိုဘဏ်လဲနှုန်းသည် သြဂုတ်လ ၁၉ ရက်နေ့က တစ်ဒေါ်လာလျှင် ၁၁၉၀ ကျပ်မှ သြဂုတ်လ ၂၃ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ၁၁၉၅ ကျပ်အထိ မြင့်တက်ကြောင်း ပြင်ပ ငွေလဲကောင်တာများနှင့် ဗဟိုဘဏ်၏ နေ့စဉ်ဒေါ်လာ လဲလှယ်နှုန်း ထုတ်ပြန်ချက်များအရ သိရသည်။
Credit To>>> The Voice Weekly

0 comments:

Post a Comment