Wednesday, August 24, 2016

အီတလီ အလယ်ပိုင်းတွင် အင်အားပြင်း ငလျင်လှုပ်ပြီး ပျက်စီးဆုံးရှုံးမှု များပြား

အီတလီနိုင်ငံ အလယ်ပိုင်းကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၆.၂ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ငလျင်သည် ဩဂုတ် ၂၄ ရက် နံနက်အစောပိုင်းက ပီရူးဂျီးယားမြို့ အရှေ့တောင်ဘက် မိုင် ၅၀ နီးပါးအကွာတွင် မြေတိမ်ပိုင်းကို ဦးတည် လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ငလျင်၏ ဗဟိုချက်သည် မြေမျက်နှာပြင်အောက် ၆ မိုင်မျှသာ နက်ရှိုင်းရာ မြေလွှာပေါ်သို့ သက်ရောက်မှု အားကြီးစေခဲ့ကြောင်း အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီက ကြေညာသည်။

ငလျင်နှင့် ပတ်သက်၍ ထိခိုက်မှု သတင်းများ တိတိကျကျ မရရှိသေးသော်လည်း အခြေအနေ ဆိုးရွားသည်ဟု ယုံကြည်ရသည်။ ငလျင်ကြောင့် သေဆုံးသူ အရေအတွက် မြင့်တက်လာနိုင်သလို အပျက်အစီးများ အောက်တွင် ပိတ်မိနေသူ အများအပြား ရှိနေသေးကြောင်းလည်း သိရသည်။ ရောမမြို့တော်တွင် ငလျင်၏ လှုပ်ခတ်မှု ဂယက်ကို စက္ကန့် ၂၀ မျှကြာအောင် သိသိသာသာ ခံစားခဲ့ရသည်။

အေမာထရိုက်စ် မြို့တော်ဝန် ဆာဂျီယို ပါရော့ဇီက မိမိတို့မြို့တွင် အခြေအနေ အလွန်ဆိုးကြောင်း ပြောကြားခဲ့သည်။ “မြို့တစ်ဝက်လောက် ပျက်သွားတယ်။ လမ်းတွေလည်း ပျက်စီးကုန်တယ်။ အပျက်အစီးပုံတွေအောက်မှာ လူတွေ ပိတ်မိနေတယ်။ မြေပြိုမှုတွေလည်း ဖြစ်တယ်။ တံတားတစ်စင်း ကျိုးသွားတယ်”ဟု ၎င်းက အစိုးရပိုင် RAI အသံလွှင့်ဌာနသို့ မှတ်ချက်ပေးခဲ့သည်။

အီတလီ၏ ပြည်သူ့လုံခြုံရေး အေဂျင်စီကလည်း ငလျင်ဘေးသင့် ဒေသများ၏ အခြေအနေကို ဆိုးရွားသောအဆင့်အဖြစ် သတ်မှတ်ခဲ့သည်။ အစောပိုင်းက ငလျင်၏ ပြင်းအားကို ၆.၄ ရစ်ခ်ျတာစကေးဟု ထုတ်ပြန်ခဲ့ပြီးမှ ပြန်လည်ပြင်ဆင် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

“အရမ်းပြင်းတယ်။ အိပ်ရာပေါ်မှာ အိပ်နေရင်း ကုတင်က သူ့အလိုလို ခုန်ပေါက်ပြီး လမ်းလျှောက်နေသလိုကို ရွေ့သွားတာ”ဟု အမ်ဘရီရာတွင် နေထိုင်သည့် လီနာ မာဆန်တီနီဆိုသော အမျိုးသမီးက Reutersသို့ ပြောကြားခဲ့သည်။ အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီကလည်း ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး မြင့်မားလိမ့်မည်ဟု ခန့်မှန်းထားသည်။

အီတလီတွင် ၂၀၀၉ ခုနှစ်က ရစ်ခ်ျတာစကေး ၆.၃ အဆင့်ရှိ ငလျင်တစ်ခု အေကွိုင်လာ ဒေသတွင် လှုပ်ခတ်ခဲ့ဖူးရာ လူ ၃၀၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။


Credit To >>> 7 Day Daily

0 comments:

Post a Comment