Wednesday, August 24, 2016

မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးကဏ္ဍနှင့် အခြေခံအဆောက်အအုံ ကဏ္ဍသည် အရှေ့တောင်အာရှတွင် အနိမ့်ဆုံးအဆင့် ဖြစ်နေကြောင်း ကမ္ဘာ့ဘဏ် ထုတ်ပြန်

မြန်မာနိုင်ငံတွင် ပို့ဆောင်ရေးနှင့် အခြေခံအဆောက်အအုံကဏ္ဍသည် အရှေ့တောင်အာရှတွင် အနိမ့်ဆုံးအဆင့်ဖြစ်နေကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ ကုန်သွယ်မှုဘက်စုံလေ့လာဆန်းစစ်ခြင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
 အစီရင်ခံစာတွင် ၂၀၁၄ ခုနှစ် ထောက်ပံ့ပို့ဆောင်ရေးအညွှန်းကိန်းများအရ မြန်မာနိုင်ငံ၏ ထောက်ပံ့ပို့ဆောင်ရေး အခြေခံအဆောက်အအုံသည် နိုင်ငံပေါင်း ၁၆၀ တွင် အဆင့် ၁၃၇ ချိတ်ရာ အရှေ့တောင်အာရှနိုင်ငံများထဲတွင် အနိမ့်ဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။
 
ထို့ပြင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုသည် ပုဂ္ဂလိကကဏ္ဍ တိုးတက်မှုနှင့် အတူတကွ ဖြစ်ထွန်းလာနိုင်သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လျှပ်စစ်ဓာတ်အား ရရှိသည့်အိမ်ထောင်စု ရာခိုင်နှုန်း ၆၀၊ ဗီယက်နမ်တွင် ၉၉ ရာခိုင်နှုန်း ရရှိနေချိန်တွင် မြန်မာနိုင်ငံ၌မူ ၃၃ ရာခိုင်နှုန်းသာ ရသေးကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ 
 
ဆက်လက်ပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်ဖွံ့ဖြိုးလာခြင်းကြောင့် ပျမ်းမျှစီးပွားရေးတိုးတက်နှုန်းကို တစ်နှစ်လျှင် ခုနစ်ရာခိုင်နှုန်းအထက် တွန်းတင်ပေးခဲ့သော်လည်း မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏမှာ အခြားအာဆီယံနိုင်ငံများ၏ ပျမ်းမျှပမာဏအောက် လွန်စွာနောက်ကျန်နေဆဲဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်လာရန် အားယူနေရသည့် မြန်မာနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကဏ္ဍသည် ၂၀၀၉ နှင့် ၂၀၁၅ ခုနှစ်များအတွင်း နှစ်စဉ်ပျမ်းမျှတိုးတက်နှုန်း ၃၅ ရာခိုင်နှုန်းရရှိခဲ့ကြောင်း အစီရင်ခံစာအရ သိရသည်။
 
ယင်းအပြင် မြန်မာနိုင်ငံသည် ကမ္ဘာ့ဂျီဒီပီ၏ ၁၆ ရာခိုင်နှုန်းနှင့် ကမ္ဘာ့လူဦးရေ၏ ရာခိုင်နှုန်း ၄၀ အထိ ရှိသည့် နိုင်ငံများနှင့် မြန်မာနိုင်ငံက နယ်နိမိတ်ချင်း ထိစပ်ထားရာ ၎င်း၏ အရှေ့နှင့် အရှေ့တောင်အာရှအိမ်နီးချင်းများနှင့် မြန်မာနိုင်ငံကြား အပြန်အလှန် ကုန်သွယ်မှုများ တိုးတက်လာခြင်းနှင့်အတူ ထူးခြားရှားပါးသည့် အခွင့်အရေးများကိုလည်း ဖန်တီးပေးထားကြောင်း၊ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်လာရန်အတွက် မြန်မာနိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ပြီး သို့မှသာ ယှဉ်ပြိုင်နိုင်စွမ်း ရှိနေမည်ဖြစ်ကာ အကျိုးအမြတ်များကိုလည်း မျှမျှတတ ခွဲဝေပေးနိုင်မည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
 
ထို့ပြင် လွတ်လပ်သောကုန်သွယ်မှုကို အားပေးမည့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခြင်းသည် ကုန်သွယ်ရေးကဏ္ဍ စရိတ်စကများကို လျော့ကျအောင် အထောက်အကူပြုမည်ဖြစ်ပြီး၊ အပေါ့စားကုန်ထုတ်လုပ်ခြင်း၊ ၀န်ဆောင်မှုနှင့် ရေရှည်တည်တံ့သည့် လယ်ယာစီးပွားရေးကဏ္ဍများအဖြစ် တိုးချဲ့လုပ်ကိုင်ခြင်းသည် ဆင်းရဲမှုလျှော့ချရေးတွင် အလွန်အားကောင်းသည့် နည်းလမ်းတစ်ခုဖြစ်လာနိုင်ကြောင်း၊ ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးအောင်လုပ်ခြင်းဖြင့်လည်း ကျေးလက်ဒေသ၏ အလုပ်အကိုင်များနှင့် ၀င်ငွေရင်းမြစ်များကို ဖန်တီးပေးနိုင်လိမ့်မည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။
Credit To>>> Eleven Media Group

0 comments:

Post a Comment