Wednesday, July 27, 2016

TNLA အဖွဲ့၏ အဓမ္မ လူသစ်စု ဆက်ကြေးကောက်ခံခြင်းများကြောင့်ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ


TNLA အဖွဲ့မှ တပ်ရင်းမှူးအဆင့်ရှိ ဂျိုကာဦးစီး အင်အား ၃ဝ ခန့်သည် ဇူလိုင် ၂၅ ရက် ည ၇ နာရီခန့်က မိုးကုတ်မြို့နယ် ပိန်းပြစ်(အထက်)ကျေးရွာသို့ ဝင်ရောက်၍ ဆန်နှင့် စားသောက်ဖွယ်ရာများ တောင်းယူကာ ကလေး၊ လူငယ် ရွာသား ၂၅ ဦးအား အတင်းအဓမ္မ ခေါ်ဆောင်ပြီး ရွာအစွန်၌ လုံခြုံရေးယူထားသော ရဲကင်းအား လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သည်။
အဆိုပါအဖွဲ့သည် ယင်းနေ့ည ၁ဝ နာရီခန့်တွင် စုစည်းအင်အား ၆ဝ ခန့်ဖြင့် ဟိုဝိတ်ကျေးရွာ၊ ဝင်္ကဘာ ကျေးရွာ၊ ကျောင်းခမ်းကျေးရွာများသို့ ထပ်မံဝင်ရောက်ကာ ကျေးရွာအုပ်ချုပ်ရေးမှူး သုံးဦးနှင့် ရွာသားကိုးဦးအား ထပ်မံဖမ်းဆီးခေါ်ဆောင်သွားရာမှ အုပ်ချုပ်ရေးမှူး တစ်ဦးနှင့် ရွာသား ခြောက်ဦး ပြန်လည်ထွက်ပြေး လွတ်မြောက်လာကြောင်း သိရသည်။ 

TNLA အဖွဲ့သည် ဇွန် ၂၄ ရက် မွန်းလွဲပိုင်းကလည်း မိုးကုတ်မြို့နယ် ပိန်းပြစ်(အထက်) ကျေးရွာအုပ်ချုပ် ရေးမှူးထံသို့ ဖုန်းဖြင့်ဆက်သွယ်၍ လူသစ် ၁၂ ဦး၊ ပိန်းပြစ်(အောက်ရွာ)မှ လူသစ် ၂၁ ဦးနှင့် ဆက်ကြေးငွေ ကျပ်သိန်း ၄ဝ အား ပါလိုင်ကျေးရွာသို့ အမြန်လာရောက်ပေးပို့ရန် ခြိမ်းခြောက်အကြောင်းကြားခဲ့သဖြင့် တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ TNLA အဖွဲ့၏ အဓမ္မလူသစ်စုဆောင်းမှုကြောင့် ဇူလိုင် ၂၅ ရက် ညပိုင်းမှ ၂၆ ရက်အထိ ပိန်းပြစ် (အထက်)ကျေးရွာမှ တိမ်းရှောင်လာသော ဒေသခံပြည်သူ အိမ်ထောင်စု ၂၇ စု၊ ကျား ၂၅ ဦး၊ မ ၂၈ ဦး၊ ကလေး ၃၉ ဦး စုစုပေါင်း ၉၂ ဦးတို့အား မိုးကုတ်မြို့နယ် ရှောလီဝိုင်းအုပ်စု အရှေ့ရွာဘုန်းတော်ကြီးကျောင်းတွင် ခေတ္တနေရာချထားပေးပြီး ယင်းဒေသခံပြည်သူများအား နယ်မြေခံတပ်မှ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ကူညီစောင့်ရှောက် လျက်ရှိကာ ၎င်းတို့နှင့်နီးစပ်ရာ ဆွေမျိုးများ၊ စေတနာရှင် များနှင့် အရှေ့ရွာ ဘုန်းတော်ကြီးကျောင်းတို့မှလည်း စားသောက်ဖွယ်ရာများ ကူညီပေးအပ်ထားကြောင်း သိရသည်။

အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ် (၁ဝ၅) မိုင်အနီး မိုင်းယုကျေးရွာသို့ ဇူလိုင် ၂၄ ရက် ညနေ ၄ နာရီခွဲခန့်တွင် TNLA အဖွဲ့မှ အင်အား ၁ဝ ဦးခန့် သည် အရပ်ဝတ်ဖြင့် မော်တော်ယာဉ်(ငယ်) နှစ်စီး၊ ဆိုင်ကယ် သုံးစီးဖြင့် ကျေးရွာအတွင်းရှိ ဦးမောင်ဆိုင် အိမ်အတွင်း ဝင်ရောက်လာပြီး ဦးမောင်ဆိုင်အပါအဝင် ဦးညီလုပ်၊ ဦးညီခန့်၊ မောင်ကျော်ကျော်ထွေး၊ ဒေါ်ဆေးဆိ၊ ဒေါ်ယုံ၊ ဒေါ်ထွန်း စုစုပေါင်း ခုနစ်ဦးအား ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကာ ၎င်းရွာ၏ အနောက်ဘက် ကွင်းရှောင်လမ်းအတိုင်း ထွက်ခွာခဲ့ရာ ညနေ ၅ နာရီခွဲခန့်တွင် တောင်ယာကွင်းသို့ ရောက်ရှိပြီး ပလောင် တိုင်းရင်းသား ဦးအိုက်မြတ်၊ ဦးအိုက်ရီ၊ ဦးအိုက်ကျန်၊ ဦးအောင်ဖေနှင့် ဦးယီလုံတို့ ငါးဦးအား ထပ်မံဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

TNLA အဖွဲ့မှ လူသစ်စုဆောင်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အဆိုပါဖြစ်စဉ် ဖြစ်ပွားသည့် မြို့နယ်၊ ကျေးရွာများနှင့် ပတ်ဝန်းကျင်နေရာများသို့ တပ်မတော် စစ်ကြောင်းများက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ရေးအတွက် နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 
Credit To >>> The Mirror Daily

0 comments:

Post a Comment