Tuesday, July 26, 2016

ဖိလစ်ပိုင်နိုင်ငံနှင့် ဆွေးနွေးပွဲများ ပြန်စနိုင်ရေး ထောက်ခံပေးရန် အမေရိကန်ကို တရုတ်တောင်းဆို


တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံကြား ဆွေးနွေးပွဲများ ပြန်စနိုင်ရေး ထောက်ခံပေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက တောင်းဆိုလိုက်ကြောင်း သိရသည်။
တရုတ်နိုင်ငံသည် ပြီးခဲ့သည့် ဇူလိုင် ၁၂ တွင် ကုလသမဂ္ဂမှ ထောက်ခံထားသော နိုင်ငံတကာခုံသမာဓိရုံးက အမေရိကန်၏ မဟာမိတ် ဖိလစ်ပိုင်နိုင်ငံကို အနိုင်ပေးလိုက်သည့် ဆုံးဖြတ်ချက်ကို လက်မခံဘဲ ငြင်းပယ်ကြောင်း ပြောကြားခဲ့ပြီးလည်း ဖြစ်သည်။

လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် ကျင်းပနေသည့် အရှေ့တောင်အာရှနိုင်ငံများ အသင်း(အာဆီယံ) ထိပ်သီးအစည်းအဝေးတစ်ခုအတွင်း တရုတ်နိုင်ငံခြားရေး ၀န်ကြီး ၀မ်ယီက တရုတ်နိုင်ငံအနေဖြင့် အာဆီယံနှင့်အတူ အငြင်းပွားကိစ္စရပ်များကို သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တိုက်ရိုက်ဆွေးနွေးပြီး ဖြေရှင်းကာ အမှန်သို့ ဦးတည်သင့်သည်ဟု သဘောတူခဲ့ကြောင်း မစ္စတာကယ်ရီကို ပြောကြားလိုက်သည်ဟုဆိုသည်။
မစ္စတာဝမ်က “တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံကြား ဆွေးနွေးပွဲများ ပြန်စနိုင်ရေး အမေရိကန်နိုင်ငံအနေဖြင့် ထောက်ခံပေးမည်ဟု တရုတ်နိုင်ငံအနေဖြင့် မျှော်လင့်ကြောင်း၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုများကို ထိန်းသိမ်းရန် အာဆီယံနှင့် တရုတ်နိုင်ငံ၏ ကြိုးပမ်းမှုများကို ထောက်ခံရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်ဟု အင်္ဂါနေ့တွင် ထုတ်ပြန်သော နိုင်ငံခြားရေး ၀န်ကြီးဌာနထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Credit To >>> Democracy Today


0 comments:

Post a Comment