Thursday, September 3, 2015

ညစ်ညမ်းစာတမ်းများ ဖြန့်ဝေမှုဖြင့် ပိတ်သိမ်းထားရသော မန္တလေးတော်ဝင်နှင်းဆီဆေးရုံကို ပြန်လည်အပ်နှံရန် စည်ပင်သာယာရေးကော်မတီက အကြောင်းကြားစာ ပေးပို့


မန္တလေးမြို့တွင် ညစ်ညမ်းစာများ ဖြန့်ဝေခြင်း၊ ကုသခြင်းတို့ကြောင့် ဆေးကောင်စီက တစ်နှစ်ပိတ်သိမ်းရန် ညွှန်ကြားထားသော တော်ဝင်နှင်းဆီဆေးရုံကို ပြန်လည်အပ်နှံရန် စည်ပင်သာယာရေးကော်မတီမှ အကြောင်းကြားစာ ပေးပို့ထားကြောင်း သတင်းရရှိသည်။
လက်ရှိတွင်လည်း တော်ဝင်နှင်းဆီဆေးရုံကို မြန်မာနိုင်ငံ ဆေးကောင်စီက တစ်နှစ်ပိတ်သိမ်းထားပြီး၊ စည်ပင်သာယာရေး ကော်မတီမှ ငှားရမ်းစဉ်က ဆေးရုံတည်ဆောက်ရန်အတွက် မပါဝင်သောကြောင့်  စာချုပ်ပါ စည်းကမ်းဖောက်ဖျက်ခြင်းကြောင့် မြေနေရာအား ထိုသို့ ပြန်လည်သိမ်းယူခြင်းဖြစ်ကြောင်း သိရသည်။

“ဆေးရုံနေရာကို ပြန်လည်အပ်နှံဖို့ အကြောင်းကြားစာ ပေးပို့ထားပါတယ်။ ဆေးကောင်စီက ပိတ်သိမ်းခိုင်းတဲ့ တစ်နှစ်ပြည့်လည်း ပြန်ဖွင့်ခွင့် မရှိပါဘူး။ ကျွန်တော်တို့ စည်ပင်သာယာရေး ကော်မတီထံကနေ မြေငှားရမ်းစဉ် စာချုပ်ပါစည်းကမ်း ဖောက်ဖျက်တဲ့ အတွက်ကြောင့်ပါ။ စည်းကမ်းမှာ ဆေးရုံဆောက်ခွင့်ပြုထားတာ မရှိသလို ပြဿနာ တစ်စုံတစ်ရာ ပေါ်လာရင် စည်ပင်ဆုံးဖြတ်ချက်သာ အတည်ဆိုတာ လက်မှတ်ရေးထိုးထားပါတယ်” ဟု စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တော်ဝင်နှင်းဆီဆေးရုံ တည်ရှိရာ နေရာသည် ၇၇ လမ်းနှင့် ၇၈ လမ်း၊ လမ်း ၃၀ နှင့် ၃၄ လမ်းကြားတွင် ရှိသည့် ဧရိယာ ၁၅ ဒသမ ၄ ဧကရှိသော မူလက မီးရထားအိမ်ရာဖြစ်ကြောင်း၊ အဆိုပါ မြေနေရာကို စည်ပင်သာယာရေး ကော်မတီမှ စီးတီးမင်း ကုမ္ပဏီအားနှစ် ၃၀ စာချုပ်ဖြင့် ငှားရမ်းထားခြင်း ဖြစ်ပြီး၊ အဆိုပါ မြေကွက်ပေါ်တွင် ဟိုတယ်၊ ပလာဇာ၊ ကွန်ဒိုမီနီယံနှင့် Super Market & Office တို့ကို ဆောက်လုပ်ရမည်ဟု စာချုပ်တွင် ထည့်သွင်းချုပ်ဆိုထားပြီး၊ စီးတီးမင်း ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ နေရာတွင် ဦးတင်မောင်(ခ)လီစန်းရှင်က လက်မှတ်ရေး ထိုးထားသည်။

ဦးတင်မောင် (ခ) လီစန်းရှင်သည် စာချုပ်ပါ စည်းကမ်းဖောက်ဖျက်၍ တော်ဝင်နှင်းဆီ အမည်ရှိ ဆေးရုံအား တည်ဆောက်သည့်ဟု ဆိုသော်လည်း တော်ဝင်နှင်းဆီဆေးရုံ ဖွင့်ပွဲတွင် မြို့တော်ဝန်နှင့် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက် ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်ကို ဓာတ်ပုံမှတ်တမ်းများအရ သိရသည်။

ဂရိတ်ဝေါလ် ဦးတင်မောင်သည် စီးတီးမင်းကုမ္ပဏီမှ ရရှိသော မြေနေရာပေါ်တွင် နေအိမ်ဆောက်လုပ်ခြင်း၊ နိုင်ငံတော်သို့ ပေးဆောင်ရန်ရှိသည့် အခွန်အခများကို ပေးဆောင်ရန် ပျက်ကွက်ခြင်းများနှင့် ယခင်အစိုးရလက်ထက်က အစိုးရတာဝန်ရှိသူများနှင့် လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်ခြင်းများ ရှိသည်ဟုလည်း စီးတီးမင်းကုမ္ပဏီမှ စုံစမ်းသိရသည်။

ဆေးရုံ တတိယအလွှာတွင် Health News အထူးကုဆေးခန်း အမည်ဖြင့် တရုတ်နိုင်ငံသားများ တရားမ၀င် ဆေးကုသနေခြင်း၊ ညစ်ညမ်းစာ၊ ညစ်ညမ်းဓာတ်ပုံများပါသော လက်ကမ်းစာစောင်များ ဖြန့်ဝေမှုများ ပတ်သက်၍ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလက အဆိုပါ တရုတ်နိုင်ငံသားများနှင့်အတူ တရုတ်နိုင်ငံသားများအပြင် ဆေးရုံပိုင်ရှင်များဖြစ်သော ဂရိတ်ဝေါလ် ဦးတင်မောင် (ခ)လီစန်းရှင်နှင့်ဇနီး ဒေါ်နန်းလှစိန်တို့ကိုပါ ထည့်သွင်းတရားစွဲဆိုခဲ့သော်လည်း ဇွန် ၃ ရက်က တရားခံပြေးအဖြစ် ကြေညာရာတွင် တရုတ်နိုင်ငံသားများနှင့် ဒေါ်နန်းလှစိန်သာ ပါဝင်ခဲ့ပြီး ဦးတင်မောင်မှာ မပါဝင်တော့ဘဲ ကွင်းလုံကျွတ် လွတ်မြောက်သွားသည်။ ဒေါ်နန်းလှစိန်ကိုလည်း ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၉၂(က)/၁၀၉ ကျင့် ၅၁၂ ဖြင့်သာ တရားခံပြေးအဖြစ် ကြေညာခဲ့ပြီး ပုဂ္ဂလိက ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၃၊ ၃၅/ကျင့် ၅၁၂ ဖြင့် တရားစွဲဆိုထားမှုတွင် ဦးတင်မောင်နှင့်အတူ မပါဝင်ခဲ့ပေ။ ထို့အပြင် ဦးတင်မောင်သည် စီးတီးမင်း ကုမ္ပဏီမှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးရန်ဂျားရီနှင့် အမှုအခင်းများ ဖြစ်ပေါ်နေပြီး တရားရင်ဆိုင်လျက်ရှိနေရကြောင်း သိရသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment