Wednesday, May 11, 2016

ရန်ကုန်မြို့တော် ရှိ မီးပွိုင့် ၁၆၀ တွင် CCTV ကင်မရာများ တပ်ဆင်မည်

ရန်ကုန်မြို့တော်ရှိ ယာဉ်ကြောရှုပ်ထွေးမှု အများဆုံး မီးပွိုင့် ၁၆၀ တွင် လုံခြုံရေး CCTV ကင်မရာများကို သုံးလအတွင်း အပြီးတပ်ဆင်သွားမည် ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှ ဒုတိယ ရဲမှူးကြီး အောင်ကိုဦးက ပြောကြားသည်။

မီးပွိုင့်ပေါင်း ၂၉၉ ရှိသော ရန်ကုန်မြို့တော်တွင် ယာဉ်ကြောရှုပ်ထွေးမှု အများဆုံး မီးပွိုင့် ၁၆၀ ကို ရွေးချယ်ကာ CCTV ကင်မရာတပ်ဆင်မည်ဖြစ်ပြီး Control Center စနစ်ဖြင့် တစ်မြို့လုံး၏ ယာဉ်ကြောစနစ်ကို ထိန်းချုပ်ကိုင်တွယ်မည့်အပြင် အခြား ရာဇဝတ်မှုများကိုလည်း CCTV မှတ်တမ်းများဖြင့် ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း ဒုတိယ ရဲမှူးကြီး အောင်ကိုဦးက အသိပေးသည်။
“မီးပွိုင့်တွေမှာ တိုင်ထောင်ပြီး CCTV တပ်ဖို့ အလုံနဲ့ ဒဂုံက မီးပွိုင့်တွေမှာ လုပ်နေပါပြီ ဩဂုတ်လ ၁ ရက်နေ့အပြီး လုပ်သွားမှာပါ Control Center ကို ပြည်သူ့ရင်ပြင်ထဲက နက္ခတ်တာရာပြခန်းအနီးမှာ ရုံးခန်းဖွင့်ပြီး ပွိုင့်ပေါင်းစုံက တပ်ဖွဲ့ဝင်တွေထံ ညွှန်ကြားသွားပါမယ် ” ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှုးက ဆိုသည်။
CCTV တပ်ဆင်မှုကို ကျပ် ဘီလီယံ ၂၀ အသုံးပြုကာ ဆောင်ရွက်မည် ဖြစ်ပြီး ယင်းကင်မရာ မှတ်တမ်းများမှ တဆင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်သည့် မော်တော်ယာဉ်များကို ၂၀၁၅ ခုနှစ် မော်တော်ယာဉ် အက်ဥပဒေပါ ပုဒ်မများအရ အနိမ့်ဆုံးပြစ်ဒဏ် ကျပ်သုံးသောင်းမှ သုံးသိန်းအထိ အရေးယူမည်ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး ထံမှ သိရှိရသည်။
“မီးဝါရင်တောင် ကားတွေ မရပ်ဘဲ မောင်းနေတာ အကျင့်လို ဖြစ်နေပြီ၊ ရန်ကုန်မှာယာဉ်တိုက်မှုတွေ နေ့တိုင်းဖြစ်နေပြီး ယာဉ်တိုက်မှုဖြစ်ရင်လည်း အဖမ်းမခံဘဲ မောင်းပြေးနေတယ်၊ စည်းကမ်း မလိုက်နာတဲ့ ယာဉ်မောင်းတွေကို CCTV မှတ်တမ်းတွေနဲ့ တင်းတင်းကျပ်ကျပ် ကိုင်တွယ်တာ ကောင်းပါတယ် ” ဟု အငှားယာဉ်မောင်း လုပ်သက် ၁၀နှစ်ရှိသော ဦးဝင်းမြင့်က ပြောကြားသည်။
ယာဉ်ကြောကျပ်တည်းမှုကို အဓိက ဖြေရှင်းရန်နှင့် အခြားသော မှုခင်းများကို ဖော်ထုတ်ရာတွင် အသုံးပြုနိုင်ရန် မြို့ပြင်ထွက်မည့် လမ်းများဖြစ်သော အရှေ့ပိုင်း ခရိုင်တွင် ရှုခင်းသာလမ်း၊ အနောက်ပိုင်းခရိုင်တွင် ကမ်းနားလမ်း၊မြောက်ပိုင်းခရိုင်တွင် ခရေပင်လမ်းဆုံနှင့် တောင်ပိုင်းခရိုင်တွင် ဘုရင့်နောင်လမ်းတို့ရှိ လမ်းဆုံ လမ်းခွများတွင် CCTV ကင်မရာများ တပ်ဆင်မည်ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲရုံးထံမှ သိရှိရသည်။

Credit To >>> The Voice Weekly

0 comments:

Post a Comment