Wednesday, July 27, 2016

(၄၉)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဆက်စပ်အစည်းအဝေးများသို့နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

(၄၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၏ ဆက်စပ်အစည်းအဝေးများဖြစ်သည့် (၁၇) ကြိမ်မြောက် အာဆီယံ+၃ နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေး၊
(၆)ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ (၂၃) ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာဖိုရမ် သီးသန့်အစည်းအဝေးနှင့် (၂၃) ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာ မျက်နှာစုံညီအစည်းအဝေးတို့ကို ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဆွေးနွေးသည်။
(၁၇)ကြိမ်မြောက် အာဆီယံ+၃ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဒေသတွင်း စီးပွားရေးကို တည်ငြိမ်စေမည့် ဒေသဆိုင်ရာ ဘဏ္ဍာရေးကို အမြဲခိုင်မာ စေသော Chiang Mai Initiative Multilateralization (CMIM)၊ ASEAN Plus Three Macroeconomic Research Office (AMRO)၊ The Asian Born Market Initiative (ABMI)နှင့် The Credit Guaranty Investment Facility (CGIF) တို့ကို ကြိုဆိုခဲ့သည်။
ထို့ပြင် စဉ်ဆက်မပြတ် အာမခံချက်ပေးနိုင်သော အာဆီယံ + ၃ အရေးပေါ် အရန်ဆန် (APTERR) အကောင်အထည်ဖော်ဆောင်ခြင်းအားဖြင့် စားနပ်ရိက္ခာဖူလုံမှုရရှိရန် ဝန်ကြီးများက အားပေးခဲ့သည်။ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရာတွင် အာဆီယံ + ၃ ၏ အရေး ပါသောအခန်းကဏ္ဍကို နိုင်ငံခြားရေးဝန်ကြီးများက ထပ်လောင်းအတည်ပြုခဲ့သည်။
ထို့အပြင် အာဆီယံ + ၃ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြင့်မားသော အဆင့်ထိ တိုးမြှင့်ရန်ရည်ရွယ်၍ 2013-2017 Work Plan နှင့် East Asia Vision Group II (EAVGII)၏ အကြံပြုချက်များကို ဆက်လက်အကောင် အထည်ဖော်ဆောင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများကိုလည်း တိုက်တွန်း ပြောကြားခဲ့သည်။
လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တော်တွင် ၂ဝ၁၆ ခုနှစ် စက်တင်ဘာလတွင် ကျင်းပမည့် (၁၉)ကြိမ်မြောက် အာဆီယံ + ၃ ထိပ်သီးအစည်းအဝေးတွင် ချမှတ်မည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်မှုဆိုင်ရာ အာဆီယံ + ၃ ထုတ်ပြန်ချက်မူကြမ်းဟု အမည်ပေးထားသော လာအိုနိုင်ငံ၏ ကနဦးဆောင်ရွက်ချက်ကို ယင်းအစည်းအဝေးတွင် အလေးအနက်ထား ထောက်ခံကြောင်းဖော်ပြခဲ့သည်။
(၆)ကြိမ်မြောက်အရှေ့အာရှထိပ်သီးအစည်းအဝေးဆိုင်ရာနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးတွင် အရှေ့အာရှထိပ်သီးဆွေးနွေးပွဲမှ ဦးစားပေး ကဏ္ဍခြောက်ရပ်ကို ချမှတ်နိုင်ခဲ့ရာ ဘဏ္ဍာရေး၊ စွမ်းအင်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပညာရေးနှင့်ဆက်သွယ်ရေး၊ သဘာဝဘေးအန္တရာယ် ထိန်းသိမ်း ရေးနှင့် အာဆီယံနိုင်ငံအချင်းချင်း ချိတ်ဆက်ပြီး ကွာလာလမ်ပူကြေညာချက် သဘောထားအတိုင်း ချမှတ်ဆောင်ရွက်ခြင်းအပါအဝင် အရှေ့အာရှထိပ်သီး ဆွေးနွေးပွဲကို ခိုင်မာစေရန်အတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ခေါင်းဆောင်များက ဦးဆောင်ကျင်းပသည့် ဖိုရမ်မှတစ်ဆင့် နိုင်ငံရေး၊ စီးပွား ရေးရာကိစ္စရပ်များနှင့်ပတ်သက်သည့် အကျိုးစီးပွားများကို မဟာဗျူဟာမြောက် ပြောဆိုဆွေးနွေးခြင်း၊ ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့်စီးပွားရေးရာ ကိစ္စရပ်များ မြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြင့် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲ၏အခန်းကဏ္ဍကို ၎င်းတို့၏ ကတိကဝတ်အတိုင်း ခိုင်မာစေရန် လုပ်ဆောင်သွားမည်ဟု ဝန်ကြီးများက ထပ်လောင်းပြောကြားခဲ့သည်။
ထို့ပြင် အာဆီယံဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော လာအိုနိုင်ငံက အဆိုပြုထားပြီး (၁၁)ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးက အတည်ပြု ချမှတ်မည့် အရှေ့အာရှအတွင်း အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဗီယင်ကျန်း ကြေညာချက်မူကြမ်းကို ထောက်ခံခဲ့ကြသည်။ ထို့နောက် ဝန်ကြီးများက ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။
ညနေပိုင်းတွင် (၂၃) ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာဖိုရမ် သီးသန့် အစည်းအဝေးနှင့် (၂၃)ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာ မျက်နှာစုံညီ အစည်းအဝေးတို့ကို ဆက်လက်ကျင်းပရာ အာဆီယံဒေသဆိုင်ရာ ဖိုရမ် အဖွဲ့ဝင် ၂၇ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ဆွေးနွေးကြသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment