Thursday, July 28, 2016

စာနယ်ဇင်း၊ မီဒီယာများက ရွေးချယ်ပေးအပ်သော Media's Choice ဆု အလှမယ် သုံးဦးရရှိ


ကမ္ဘာ့အဆင့် အလှမယ်ပြိုင်ပွဲများတွင် နိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကိုယ်စားပြုအလှမယ် ၂ဝ ကို Miss Golden Land Myanmar အဖွဲ့အစည်းမှ ရွေးချယ်ခဲ့ပြီး ယင်းတို့အနက်မှ စာနယ်ဇင်းမီဒီယာများက ရွေးချယ်ပေး သော Media's choice ရွှေတံဆိပ်ဆုကို ရန်ကုန် (မြောက်ပိုင်း)မှ မြတ်အိနြေ္ဒထက်၊ ငွေတံဆိပ်ဆုကို ကရင်ပြည်နယ်မှ နန်းခင်ရွှေဝါဝင်း၊ ကြေးတံဆိပ်ဆုကို ရန်ကုန်(အရှေ့ပိုင်း) မှ ချစ်ဆုရှင်တို့က အသီးသီးရရှိခဲ့သည်။
''မီဒီယာ အစ်ကို အစ်မတွေက ရွေးချယ်ပေးခဲ့တာမို့ ကျွန်မ ဒီဆုကို ရရှိခဲ့တဲ့အတွက် အလွန်ပျော်ရွှင်မိ ပါတယ်''ဟု ဇူလိုင် ၂၇ ရက် ညနေပိုင်းက ရန်ကုန်မြို့ရှိ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၌ ပြုလုပ်ခဲ့သော တိုင်းဒေသကြီးနှင့်ပြည်နယ်ကိုယ်စားပြု အလှမယ်များအား စာနယ်ဇင်းမီဒီယာများနှင့် မိတ်ဆက်ခြင်းအခမ်းအနားတွင် ရွှေတံဆိပ်ဆုရရှိခဲ့သူ ရန်ကုန် (မြောက်ပိုင်း)မှ ပြိုင်ပွဲဝင်အလှမယ် မြတ်အိနြေ္ဒထက်က ပြောသည်။ 

Miss Golden Land Myanmar အဖွဲ့အစည်းသည် ၂ဝ၁၆ ခုနှစ် ကမ္ဘာ့အဆင့်အလှမယ်ပြိုင်ပွဲများသို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ကိုယ်စားပြုအလှမယ် ၂ဝ ကို ဆန်ခါတင် ရွေးချယ်ခဲ့သည်။ ယင်းအလှမယ်များသည် Miss Golden Land Myanmar အဖွဲ့အစည်းမှ ပြုလုပ်မည့် ၁ လခွဲကြာ ပြိုင်ပွဲကာလ တစ်လျှောက်တွင် အလှမယ်များ၏ ကိုယ်ရည်ကိုယ်သွေး ထက်မြက်မှု၊ ပင်ကိုစွမ်းရည်၊ ပှုးပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်၊ ဥာဏ်ရည်ဥာဏ် သွေး၊ ခန္ဓာကိုယ်လှပကျော့ရှင်းမှု စသည့် စံပြမယ်တစ်ယောက်ရှိသင့်သည့် အရည်အချင်းများကို ဖော်ထုတ်ပြသ၍ ယှဉ်ပြိုင်သွားရမည် ဖြစ်သည်။

ယင်းနောက် သြဂုတ် ၂၅ ရက်တွင် နောက်ဆုံးအဆင့် ဖိုင်နယ်ပြိုင်ပွဲကြီး သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲဝင်အလှမယ် ၂ဝ ထဲမှ ကမ္ဘာ့အဆင့် အလှမယ်ပြိုင်ပွဲကြီး ၆ ပွဲအတွက် အလှမယ် ခြောက်ဦးကို တစ်ပြိုင်နက်တည်း ရွေးချယ်ပေးမည်ဖြစ်သည်။ ရွေးချယ်ခံရသည့် အလှမယ်ခြောက်ဦးသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအစီအစဉ်အဖြစ် ရည်ရွယ်ကျင်းပသည့် Miss Earth အလှမယ် ပြိုင်ပွဲ၊ HIV-AIDS ရောဂါ ပညာပေးအစီအစဉ်အဖြစ် ရည်ရွယ်ကျင်းပသည့် Miss Supranational အလှမယ်ပြိုင်ပွဲ၊ ခရီးသွားလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရေး ရည်ရွယ်ကျင်းသည့် Miss Tourism ပြိုင်ပွဲ၊ သက်ကြီးရွယ်အိုများ ပြုစုစောင့်ရှောက်ရေး အစီအစဉ်အဖြစ် ရည်ရွယ်ကျင်းပသည့် Miss Intercontinental အလှမယ်ပြိုင်ပွဲ၊ မိဘမဲ့ကလေးများ ပြုစုစောင့်ရှောက်ရေး အစီအစဉ်အဖြစ် ရည်ရွယ်ကျင်းပသည့် Face of Beauty International အလှမယ်ပြိုင်ပွဲအပြင် နိုင်ငံတကာယဉ်ကျေးမှု နှင့် အမွေအနှစ်များ ဖလှယ်ခြင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေး အစီအစဉ်အဖြစ် ရည်ရွယ်ကျင်းပသည့် Miss Globel အလှမယ်ပြိုင်ပွဲကြီးသို့လည်း ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။ 

Credit To >>> The Mirror Daily

0 comments:

Post a Comment