Tuesday, April 23, 2013

အမေရိကရောက် မြန်မာများနှင့် ငြိမ်းချမ်းရေးကော်မတီ မြန်မာအရေးဆွေးနွေးမည်

တိုင်းရင်းသား လက်နက်ကိုင် များနှင့် ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် ကြိုးပမ်းနေသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် အမေရိကန်ရောက် မြန်မာများ မြန်မာ အရေး တွေ့ဆုံ ဆွေးနွေး မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ၏ လူမှုရေးနှင့် အကြံပေး ကောင်စီဝင် ဦးလှမောင်ရွှေက The Voice သို့ ပြောကြားသည်။ ယင်းတွေ့ဆုံပွဲကို အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ရှိ United Nations Plaza (၁၀) လွှာ အခန်း (၇၇၇) တွင် ဧပြီလ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ၄ နာရီအထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။
ယင်းတွေ့ဆုံ ပွဲတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးပြုပြင် ပြောင်းလဲမှုများနှင့် တိုင်းရင်းသားရေးရာ များကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဦးလှမောင်ရွှေက ပြောကြားသည်။ အဆိုပါ တွေ့ဆုံပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း၊ အဖွဲ့ဝင်များဖြစ်သော လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်း၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးတို့က ဦးဆောင်ဆွေးနွေး မည်ဖြစ်ကြောင်း အမေရိကန်ရောက် မြန်မာများက ထုတ်ပြန် ထားသည်။
အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့တွင် နိုင်ငံတကာ ပဋိပက္ခ စောင့်ကြည့်ရေး အဖွဲ့ကပေးအပ်သော ငြိမ်းချမ်းရေး အကျိုးဆောင်ဆုကို နိုင်ငံတော် သမ္မတ ကိုယ်စား ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက သွားယူစဉ် ယင်းတွေ့ဆုံပွဲကို စီစဉ်ခြင်း ဖြစ်ကြောင်း ဦးလှမောင်ရွှေက ရှင်းပြသည်။

0 comments:

Post a Comment